ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်

 

ယူနက်စကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် လက်မှတ်ဈေးနှုန်းများ အဆမတန် မြင့်တက်နေပြီး VIP လက်မှတ်တစ်စောင်လျှင် ကျပ် တစ်သိန်းမှ သုံးသိန်းအထိ ပေါက်ဈေးရှိနေကြောင်း စုံစမ်းသိရှိရသည်။

 

နိုင်ငံအတွင်း ပဋိပက္ခများစွာနှင့် အထွေထွေအကျပ်အတည်းများ ကြုံတွေ့နေရသော်လည်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဖျော်ဖြေရေးမဏ္ဍပ်များသည် နိုင်ငံခြား DJ သမားများ၊ EDM ပညာရှင်များနှင့် ပြည်တွင်းနာမည်ကျော် အနုပညာရှင်များကို အသုံးပြု၍ လက်မှတ်များကို ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချ နေခြင်း ဖြစ်သည်။

လက်ရှိတွင် TMF၊ ATLANTYX၊ RGN Water Festival၊ Yangon Thingyan Beach Club နှင့် အတွင်းဝန်ရုံး (The Secretariat) သင်္ကြန်ပွဲတော်များမှာ လူသိများနေပြီး၊ အဆိုပါပွဲများ၏ လက်မှတ်ဈေးနှုန်းမှာ ငွေကြေးသုံးစွဲနိုင်သည့် အလွှာအသီးသီးအတွက်သာ ဖြစ်နေသည်။

 

လှေလှော်အသင်းဝင်း၌ ကျင်းပမည့် Thingyan Music Festival (TMF) တွင် ၄ ရက်စာ လက်မှတ်တစ်စောင်လျှင်၂၈၀,၀၀၀ ကျပ် ၊ တစ်ရက်စာ ၈၅,၀၀၀ ကျပ် သတ်မှတ်ထားသော်လည်း ကြိုတင်လက်မှတ်များမှာ ရောင်းကုန်လုနီးပါး ဖြစ်နေပြီး လေးရက်စာ ဝယ်ယူမှသာ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

အလားတူ ကမ္ဘာအေးဘုရားလမ်းရှိ ATLANTYX မဏ္ဍပ်တွင် လေးရက် VIP ငါး ဦးစာအတွက် ကျပ် ကိုးသိန်းနှင့် VVIP ခုနစ် ဦးစာအတွက် ကျပ် ၂၅ သိန်းအထိ သတ်မှတ်ထားကြောင်း သိရသည်။

“ ဒီနှစ်သင်္ကြန် ရန်ကုန်မှာစည်မယ်ထင်တယ်။ အဝေးပြေးကားလက်မှတ်တွေဈေးကြီးလို့ နယ်မပြန်တဲ့ လူငယ်တွေရှိတော့။ မိဘတွေက သင်္ကြန်နဲ့ဝေးနေတဲ့ ကလေးတွေကိုလည်း သင်္ကြန်မှာ ဆော့စေချင် ကြတယ်။ အရင်သင်္ကြန် vibe(ခံစားချက်) တော့မရတော့ဘူး။ အရင်တုန်းကဆိုကားနဲ့လည်တာတို့ လမ်းတစ်လျှောက်မဏ္ဍပ်တွေနဲ့ ရေမစိုတဲ့နေရာမရှိဘူး။ အခုတော့ ပွဲတော်သွားတဲ့သူတွေနဲ့ ကွက်ကျား သင်္ကြန်ပွဲမျိုးပေါ့” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင် အတွင်းဝန်ရုံး (The Secretariat Yangon) တွင် ကျင်းပမည့် “ရန်ကုန်အထာနှင့် ရန်ကုန်အတာ” ပွဲတော်တွင် ဝင်ကြေး ၂၀,၀၀၀ ကျပ် သတ်မှတ်ထားပြီး သုဝဏ္ဏဖျော်ဖြေရေးဝင်းရှိ ရန်ကုန် သင်္ကြန်ပွဲတော်တွင် VIP လက်မှတ် ကျပ် တစ်သိန်းအထိ ရှိနေသည်။ ဆရာစံလမ်းရှိ Secret Valley တွင်မူ တစ်ရက်လျှင် ကျပ် ၄၅,၀၀၀ မှ VIP ကျပ် ခြောက်သိန်းအထိ လက်မှတ်ရောင်းချနေသည်။

 

ယင်းပြင်လူစည်ကားရာ အင်းယားလမ်း၊ ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းများပေါ်တွင် စီးပွားဖြစ် ပုဂ္ဂလိဂ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးများရှိမည်ဖြစ်ကြောင်း သိရသည်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအများစုက ပျော်ပွဲရွှင်ပွဲများကို ဆန့်ကျင်ခဲ့ကြသော်လည်း တော် လှန်ရေးကာလ ၅ နှစ်ကျော်အတွင်း အချို့သော ပွဲတော်များတွင် လူစည်ကားမှုများ ရှိလာနေ သည်ကို တွေ့ရသည်။

 

သို့သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများနှင့် အပူရှိန်ပြင်းထန် မှုဒဏ်တို့ကြောင့် ပြည်သူများအနေဖြင့် သင်္ကြန်ဆင်နွှဲရာတွင် သတိထားရန် လိုအပ်ကြောင်းလည်း သတိပေးမှုများ ရှိနေသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်