ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်မျက်နှာပြင်မှ နောက်တန်းကိုပြန်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ဝါဒဖြန့်ကြိုဆိုပွဲလုပ်ပြီးနောက် စစ်ကူများကို ထပ်မံပို့ဆောင်လိုက်ရကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်အတွင်းကို အဓိက အင်အား ပြန်လည်ဖြည့်ပေးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီ ၆ရက်နေ့ ညပိုင်းက စစ်ရေယာဉ်ဖြင့် အင်အား ၂၀၀ ခန့်ပို့ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”တိုက်ခိုက်ရေးတပ်တွေလတ်ဆတ်လာအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်လာတဲ့ အနေအထားဖြစ်ပါတယ်။ အထိနာနေတဲ့တပ်တွေ လုံးပါး ပါးသွားတယ်မဖြစ်ရလေအောင် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်” ဟု CDMဗိုလ်ကြီး ဇင်ယော်က ပြောသည်။
ရဲမွန်တပ်နယ်အခြေစိုက် တပ်ရင်းတစ်ခုတွင် ရှေ့တန်းပြန်များကို အောင်ပွဲနှင့်ကြိုဆိုသည်ဟုဆိုကာ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်နှင့်အဖွဲ့က ကြိုဆိုပွဲကိုပြုလုပ်ခဲ့ပြီး စစ်ကော်မရှင် လက်အောက်ခံ သတင်းစာတွင် ဝါဒဖြန့်ဖော်ပြခဲ့သည်။
ကျောက်ဖြူမြို့နယ်အတွင်း AAကထိုးစစ်အရှိန်လျှော့ထားချိန်တွင် စစ်ကော်မရှင်က တပ်ဖွဲ့ဝင်အပြောင်းအလဲများပြုလုပ်လာပြီး အထိနာနေသည့်တပ်များကို စုဖွဲ့မှုပြန်ယူရန် လုပ်ဆောင်လာခြင်းဖြစ်သည်။
နောက်တန်းလုံခြုံရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရသည့် ဒုတပ်မမှူးများပါ ကျောက်ဖြူ စစ်မျက်နှာကို ပို့ဆောင်ခံနေရပြီး ယခုပြုလုပ်သည့် ရှေ့တန်းပြန်များတွင် တပ်မမှူးနှင့် ဒုတပ်မမှူးများ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ဒိုးတောင်တွင် လုံခြုံရေးတပ်ဖွဲ့ခွဲ ၃၂၊ သစ်ပုတ်တောင်တွင် ဓညဝတီရေတပ်ဌာနချုပ်စခန်းရှိပြီး ဌာနချုပ်ထဲတွင် တပ်ပေါင်း ၁၇တပ်တို့ရှိသည်။ ထို့အပြင် အုန်းချွိန်ကျွန်းတွင် အမှတ် ၇၁ ရေငုပ်သင်္ဘော အခြေစိုက်စခန်းလည်းရှိသည်။