ဧရာဝတီတိုင်းမ်
(တီးတိန်)၊ ဧပြီ ၉ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် အချင်းချင်း အငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

သေဆုံးသူများသည် ကလေးမြို့အခြေစိုက် ခလရ-၈၉ တပ်ရင်းမှ ဗိုလ်ကြီး အောင်မင်းဦး နှင့် BE တပ်မှ ရဲဘော် မဲလုံး တို့ဖြစ်ကြောင်း သိရသည်။ အရာရှိဖြစ်သူ ဗိုလ်ကြီးအောင်မင်းဦးက အခြားတပ်ရင်းမှ ရဲဘော် မဲလုံးအပေါ် ဖိနှိပ်ခိုင်းစေမှုများ ပြုလုပ်ရာမှ အခြေအနေ တင်းမာကာ အပြန်အလှန် ပစ်ခတ်ခဲ့ ကြသဖြင့် ၎င်းတို့နှစ်ဦးလုံး သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဗိုလ်ကြီးက တပ်ထဲမှာကတည်းက ရဲဘော်တွေကို ဖိနှိပ်ဆက်ဆံလို့ အရမ်းနာမည်ထွက်တယ်။ အရပ် သားပြည်သူတွေကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံတာ မရှိဘူး။ မိန်းမကလည်း ရှုပ်တယ်” ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗိုလ်ကြီးကို ပြန်လည်ပစ်ခတ်ခဲ့သည့် ရဲဘော် မဲလုံးမှာလည်း တိုက်ခိုက်ရေးစွမ်းရည် ကောင်းမွန် သည့်အတွက် BE တပ်အတွင်း အရာရှိများ၏ မြှောက်စားခြင်း ခံထားရသူတစ်ဦးဖြစ်ကြောင်း သိရသည်။

“ဒီရဲဘော်က တိုက်ခိုက်ရေးကောင်းလို့ တပ်ရင်းတစ်ခုလုံးက အရေးပေးထားတာ။ အခုက အခြား တပ်ရင်းက ဗိုလ်ကြီးက လာပြီး ဖိနှိပ်ခိုင်းစေတာကို မခံနိုင်လို့ အချင်းချင်း ပစ်ကြတာလို့ ကြားရတယ်” ဟုကလေး မြို့ခံက ဆက်လက်ပြောကြားသည်။

သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကလေးမြို့သို့ ပြန်လည်သယ်ယူလာခဲ့ပြီး မနက် ၁၀ နာရီဝန်းကျင်အချိန်တွင် ကလေးမြို့၊ ကုတင် ၁၀၀ ဆံ့ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၉ ရက်၊ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ၎င်းရုပ်အလောင်းများကို ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာန ချုပ် (ဒကစ) မှ ကားတန်းဖြင့် လာရောက်တင်ဆောင်သွားခဲ့ပြီး ခလရ ၂၂၈ တပ်ရင်းဝင်းအတွင်း သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-CJ