ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်

 

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးကိုတောင်းဆိုရန် လာမည့် ဧပြီ ၁၀ ရက်နေ့မှစတင်ကာ ၁၂ ရက်တာ Blue Shirtကမ်ပိန်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။

 

Blue shirt campaign ကို အွန်လိုင်းမှသာမက မြေပြင်တွင်ပါ လုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်ထားပြီး ပြည်သူလူထုအားလုံး အတူတကွပါဝင်နိုင်ပြီး အန္တရာယ်အကင်းဆုံးဖြစ််မည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

 

အွန်လိုင်းမှ ပါဝင်ရမည့်နည်းလမ်းများထဲတွင် အပြာရောင်ရှပ်အင်္ကျီဝတ်ဆင်ခြင်း၊ စာသားရေးထားသည့်ပုံများကိုတင်ခြင်း၊ ကမ်ပိန်းအတွက်ပြုလုပ်ထားသည့်ပုံကို လူမှုကွန်ရက်ပရိုဖိုင်ပုံတွင် တင်ခြင်း အစရှိသည်ဖြင့် ပါဝင်ကြောင်း သိရသည်။

“လှုပ်ရှားမှုကပြည်တွင်းသာမက ပြည်ပနိုင်ငံတွေမှာပါတပြိုင်နက် စည်းလုံးညီညွတ်စွာနဲ့ဆောင်ရွက်ကြမဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကနေ တိုင်းပြည်လွတ်မြောက်ရေးအထိ ဆောင်ရွက်ကြမဲ့လှုပ်ရှားမှုဖြစ်တယ်” PPNM အဖွဲ့အစည်း ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင် ယခုကမ်ပိန်းပြုလုပ်ရခြင်းမှာ စစ်တပ်၏မြန်မာပြည်သူများအပေါ် မတရားဖမ်း‌ဆီးအကျဉ်းချထားခြင်းအပေါ် နိုင်ငံတကာမှသိရှိနိုင်ရန်၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများကို ရပ်တန့်နိုင်ရန်၊ နိုင်ငံရေးအကျဉ်းသားများကြုံတွေ့နေရသည့်အခြေအနေကို နိုင်ငံတကာသို့ အသိပေးရန်တို့ကို ရည်ရွယ်ကြောင်းလည်း သိရသည်။

 

Blue Shirt ကမ်ပိန်းကို PPNMအဖွဲ့အစည်းအပြင် မြေပြင်သပိတ်အဖွဲ့များ၊ နိုင်ငံတကာရှိအရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအပြင် ကမ္ဘာတဝန်းရှိနိုင်ငံများတွင် လူထုလှုပ်ရှားမှု သပိတ်များဖြင့်ဆင်နွှဲသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ဓာတ်ပုံ – PPNM၊ လူမှုကွန်ရက်