‎‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၉ ရက်

‎‎ရခိုင်ပြည်နယ်ရှိ AAထိန်းချုပ်ရာ မင်းပြားမြို့နယ်၊ ပုလဲတောင်ကျေးရွာကို စစ်ကော်မရှင်က တိုက်လေယာဉ်အများအပြား သုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎ယနေ့ ဧပြီ ၉ရက် နံနက် ၁၂နာရီ အချိန်ခန့်က မင်းပြားမြို့နယ် ပုလဲတောင်ကျေးရွာအနီးတဝိုက်ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ၊ Y12လေယာဉ်တို့ဖြင့် ဗုံးသီး အလုံး ၂၀ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎”မင်းပြားကို နှစ်ရက်ဆက်ပြီး ဗုံးကြဲတာ။ ဒီနေ့လာထပ်ကြဲတာမှာလည်း ထိခိုက်မှုတွေရှိတယ်ပြောပါတယ်။ အခုနောက်ပိုင်း လေယာဉ်အုပ်လိုက်သုံးပြီးကို ကြဲတာ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎‎အဆိုပါ ပုလဲတောင်ကျေးရွာကို ယမန်နေ့ ဧပြီ ၈ရက် နံနက် ရှစ်နာရီခန့်ကလည်း တိုက်လေယာဉ်နှင့် Y12လေယာဉ် စုစုပေါင်း လေစီးကိုသုံးပြီး လေကြောင်းတိုက်ခိုက်သည့်အတွက် အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။

‎‎ထို့အပြင် ပေါက်တောမြို့နယ်၊ မြေငူကျွန်းကိုလည်း ယနေ့ နံနက်ပိုင်းတွင်ပင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသေးကြောင်း သိရသည်။

‎‎ရခိုင်ပြည်နယ်တစ်ခုလုံးတွင် မြို့နယ်သုံးခုကိုသာ အုပ်ချုပ်ထားနိုင်တော့သည့် စစ်ကော်မရှင်က အရပ်သားများကိုပစ်မှတ်ထားကာ AAထိန်းချုပ်နယ်မြေများကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လာသည့်အပြင် ၎င်းတို့၏လက်အောက်ငယ်သားများဖြစ်သော AAထိန်းသိမ်းခံ စစ်သုံ့ပန်းစခန်းများကိုပင် လေကြောင်းတိုက်ခိုက်လျက်ရှိသည်။