ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်

မြန်မာအပေါ် ICJ တရားရုံးရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု စီရင်ချက် ချမှတ်အပြီး ရိုဟင်ဂျာအရေးကို ဘက်စုံဖြေရှင်းဖို့နဲ့ အခြေအနေတွေ ပိုမရှုပ်ထွေးအောင် ရှောင်ရှားကြဖို့ တရုတ်နိုင်ငံက နိုဝင်ဘာ ၂၀ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

၂၀၁၇ ခုနှစ်၊ ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးတွေအတွင်း မြန်မာစစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ကြာသပတေးနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

နစ်နာသူတွေကို လျော်ကြေးပေးဖို့နဲ့ နောက်ထပ် ချိုးဖောက်မှုတွေ မဖြစ်အောင် တားဆီးဖို့လည်း ICJ တရားရုံးက အမိန့်ချခဲ့ပါတယ်။

ဒီစီရင်ချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပေမဲ့ အာဏာကို သတိထားကျင့်သုံးဖို့ တိုက်တွန်းပါတယ်။

တရားစီရင်ပိုင်ခွင့် ကျော်လွန်လုပ်ဆောင်တာနဲ့ ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုတာတွေကို တရုတ်က စိုးရိမ်ပြီး ဒါဟာ အငြင်းပွားမှုဖြေရှင်းရေးအတွက် အထောက်အကူ မဖြစ်ဘူးလို့ ၎င်းက ပြောပါတယ်။

ရခိုင်ပြည်နယ် အခြေအနေဟာ ရှုပ်ထွေးတဲ့ သမိုင်းကြောင်း၊ လူမျိုးရေးနဲ့ ဘာသာရေး နောက်ခံတွေ ရှိနေတာကြောင့် ဘက်စုံဖြေရှင်းချက်တစ်ခု လိုအပ်တယ်လို့ သူက ဆိုပါတယ်။

သက်ဆိုင်သူတွေကြား ဆွေးနွေးမှုတွေ မြှင့်တင်ပေးဖို့နဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်ပို့ဆောင်ရေးမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဖို့ တရုတ်က အသင့်ရှိနေပါတယ်။

ရှန်ကျန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ တရုတ်၊ ရုရှားနဲ့ အမေရိကန် ခေါင်းဆောင်သုံးဦးရဲ့ ပူးတွဲကြေညာချက်ကိုလည်း ၎င်းက ထည့်သွင်းပြောပါတယ်။

ငြိမ်းချမ်းရေးဆီသို့ ကြေညာစာတမ်းလို့ အမည်ပေးထားတဲ့ ထုတ်ပြန်ချက်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) နဲ့ အလားတူအဖွဲ့တွေ အနေနဲ့ တရားစီရင်ပိုင်ခွင့်ကို အလွဲသုံးစား မလုပ်ရဘူးလို့ ခေါင်းဆောင်သုံးဦး သဘောတူခဲ့ပါတယ်။

နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့အစည်းတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ သဘောတူညီမှု မူဝါဒကို လေးစားဖို့နဲ့ နိုင်ငံရေးအရ အသုံးချတာတွေကို ရှောင်ရှားဖို့ တရုတ်က တိုက်တွန်းပါတယ်။

News: Anadolu Agency
Ref; China seeks ‘comprehensive solution’ to Rohingya issue after ICJ genocide ruling