ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကော်မရှင်နှင့် KIAတို့ စစ်ရေးတင်းမာနေပြီး စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားကြောင်း သိရသည်။
ယနေ့ ဧပြီ ၉ရက်နေ့ ၊ နေ့လယ် ၂နာရီ ၉မိနစ်မှ ၂နာရီ ၂၃မိနစ်အတွင်း ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ထိုသို့လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ခင် နေ့လယ် ၁၂နာရီ ၁၅မိနစ်အချိန်တွင် လုံးခင်းကျေးရွာ မျောက်ကုန်းရဲစခန်းဘက်မှ လက်နက်ကြီးပစ်ခတ်သံနှင့် လက်နက်ငယ်သံများထွက်ပေါ်ခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၆ရက်နေ့မှစတင်ကာ စစ်ကော်မရှင်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့ စုပေါင်းပြီး စစ်ကြောင်းများခွဲကာ လုံးခင်းကျေးရွာနှင့်အနီးဝန်းကျင် ငါးရွာခန့်တွင် နေရာယူပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။
စစ်ကော်မရှင်က စစ်ကြောင်းများဖြန့်ကာ နေရာယူလာသည့်အတွက် ဒေသခံတချို့ တိမ်းရှောင်ထွက်ပြေးနေရပြီး တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း သိရသည်။
ဖားကန့်ရှိ စစ်ကော်မရှင်၏ ရှေ့တန်းစခန်း သုံးခုထက်မနည်း သိမ်းဆည်းခံခဲ့ရပြီးနောက် ဖားကန့် ယမ်းချက်စက်ရုံနှင့် တပ်မကုန်းတို့မှ စစ်အင်အားများနှင့် ပြည်သူ့စစ်များပူးပေါင်းပြီး စစ်ကြောင်းများ နေရာယူလာခြင်း ဖြစ်သည်။