ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်

အာဏာသိမ်းစစ်ကော်မရှင်သည် တစ်ဖက်တွင် ၎င်းတို့အစိုးရအဖြစ် အသိအမှတ်ပြုခံရရေးအတွက် တရားမဝင်ရွေးကောက်ပွဲပြုလုပ်ခြင်း၊ သမ္မတအသစ်တင်မြှောက်ခြင်းများ ပြုလုပ်နေသော်လည်း မြေပြင်တွင် အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်နေပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် မတ်လအတွင်း အမျိုးသမီး ၈၈ ဦးအထိသေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ထံက သိရသည်။

စစ်တပ်၏ အကြမ်းဖက်မှုဖြစ်စဉ်များတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မတရားသတ်ဖြတ်ခံရခြင်း၊ မီးရှို့သတ်ဖြတ်ခံရခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်း၊ မြေမြှုပ်မိုင်းပေါက်ကွဲခြင်း၊ ‌အကျဉ်းထောင်တွင်း ဆေးကုသမှုလုံလောက်စွာ မရရှိခြင်းတို့ ပါဝင်နေကြောင်း သိရသည်။

သေဆုံးခဲ့သည့် အမျိုးသမီး ၈၈ ဦးတွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ် ၂၀ ဦးအထိပါဝင်နေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး သုံး ဦးပါဝင်ကာ ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၅၄ ဦးအထိရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ် ၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ညောင်လေးပင်မြို့နယ်အတွင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် အမျိုးသမီး ၁၇ ဦးအထိပါဝင်ခဲ့သည်။

စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်းမှ အမျိုးသမီး ၃၇ ဦးအထိသေဆုံးကာ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းမှ ၂၈ ဦး ဖြင့်ဒုတိယအများဆုံး သေဆုံးကာ မကွေး၊ မန္တလေး၊ ကရင်၊ ကရင်နီ၊ တနင်္သာရီ၊ ရှမ်း၊ ရခိုင် တို့မှလည်း သေဆုံးသူများ ရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ – KNU