နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်

 

အမည်ခံ “သမ္မတ” အဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် ပြင်ဆင်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းတို့၏ ရွေးတုလွှတ်တော်မှတစ်ဆင့် အရပ်သားအစိုးရပုံစံ ဖမ်းနေသော်လည်း စစ်တပ်အာဏာကိုမူ လက်လွှတ်ခြင်းမရှိဘဲ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

 

သမ္မတ အိပ်မက်အတွက် ၁၅ နှစ်တိုင် ဆုပ်ကိုင်ထားသည့် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ၎င်း၏ လူယုံတော် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား လွှဲပြောင်းပေးခဲ့သော်လည်း စစ်ဗိုလ်ချုပ်များဖြင့်သာ ဝန်ကြီး အဖွဲ့ကို ဖွဲ့စည်းကာ နောက်ကွယ်မှ အုပ်ချုပ်ရန် စီမံထားကြောင်း CDM အရာရှိများက ထောက်ပြသည်။

 

“မင်းအောင်လှိုင်က စစ်တပ်ကို ဆက်ပြီးတော့ ထိန်းချုပ်ထားဆဲပဲ။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ငယ်နိုင် ရဲဝင်းဦးကို ထားခဲ့တယ်။ နောက်တစ်ချက်က တပ်ချုပ် (ရဲဝင်းဦး) ထက် စီနီယာကျတဲ့ ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်ထားတယ်” ဟု လုပ်သက်ရင့် CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ခေါင်းဆောင် အာဏာသိမ်းမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသော တပ်ချုပ်သစ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (OTS-77) သည် လက်ရှိ စစ်ကော်မရှင်အဖွဲ့ဝင်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဆွေမျိုးတော်စပ်သူ ဖြစ်သဖြင့် စစ်ခေါင်းဆောင်သည် ၎င်း၏ လက်ရင်းလူယုံ အသိုင်း အဝိုင်းဖြင့်သာ အာဏာကို ခွဲဝေကိုင်တွယ်နေခြင်း ဖြစ်သည်။

၎င်းနှင့်အတူ လူယုံတော်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး ထွန်းအောင်မှာ အာဏာသိမ်းမှုအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကို ကိုင်တွယ်ရသော လေဦးစီးချုပ်ဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၂၉) ကျောင်းဆင်းဖြစ်ကာ လက်ရှိတွင် စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးအဖြစ် စစ်ခေါင်းဆောင်က ခန့်အပ်ထားကြောင်း သိရသည်။

 

“ယူနီဖောင်းဝတ် ဝန်ကြီးနှစ်ယောက်နဲ့ စစ်တပ်ကို ထိန်းကျောင်းလို့ရအောင် လုပ်ထားတဲ့အနေ အထားမျိုးလို့ ကျွန်တော်တို့ တွေ့ရတယ်။ အဲဒီတော့ မင်းအောင်လှိုင်ရဲ့ အစီအမံအတိုင်း ဆက်သွားရမယ့် အနေအထားမျိုးပဲ။ နောက်တစ်ချက်က တပ်ချုပ်ဓာတ်ပုံတွေ ပြောင်းလဲမှု မရှိသေးဘူး” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆက်လက်ဆိုသည်။

 

ယင်းအပြင် ပြည်ထဲရေးဝန်ကြီးကိုလည်း တပ်ဖွဲ့စည်းပုံအရ အဆင့်သုံးနေရာဖြစ်သော ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းထက် စစ်ရေးအတွေ့အကြုံရင့် စစ်တက္ကသိုလ် အပတ်စဉ် (၃၆) ကျောင်းဆင်း ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေအား ရွေးတုလွှတ်တော်မှတဆင့် အဆိုပြုခန့်အပ်လိုက်ကြောင်း သိရသည်။

 

အဆိုပါ ညှိ/ကွပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၅) ကျောင်းဆင်းဖြစ်ပြီး စစ်လုံးဝ မတိုက်ဖူးသော်လည်း စစ်ထောက်ချုပ်အဖြစ် ခန့်အပ်ခံရကာ ၎င်းနှင့် ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတို့မှာ စစ်ခေါင်းဆောင်၏ လူယုံတော်များဖြစ်၍ ကိုင်တွယ်ကစားရန် နေရာပေးထားခြင်း ဖြစ်ကြောင်း CDM အရာရှိများက ဆိုသည်။

 

လက်ရှိတွင် သမ္မတနေရာ ရယူထားသည့် စစ်ခေါင်းဆောင်က ၎င်းတို့ လိုသလိုပုံဖော် ရေးဆွဲချုပ်ကိုင် ထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များကို ကျော်လွန်၍ စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ်မှူးကြီး ရာထူးအား စွန့်လွတ်ခြင်းမရှိဘဲ ရယူသုံးနှုန်း ဖော်ပြနေသလို ရွေးတုလွှတ်တော်သို့ တက်ရောက်ခြင်းလည်း မရှိကြောင်း သိရသည်။

 

“လက်ရှိအထိ စစ်ဘက်ရာထူးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဆိုတဲ့ ရာထူးကို ခေါ်နေတဲ့အပေါ်မှာ (စစ်ခေါင်းဆောင်) မင်းအောင်လှိုင်ရဲ့ အာဏာတပ်မက်မှုက ဘယ်လောက်အထိ များပြားတယ်ဆိုတာ ကျွန်တော်တို့ အကဲဖြတ်လို့ရပါတယ်” ဟု ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို သုံးသပ်ထောက်ပြသည်။

 

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ ‌ရွေးတုလွှတ်တော်သို့ စစ်အစိုးရအဖွဲ့အတွက် စစ်ခေါင်းဆောင်က အဆိုပြုခန့်အပ်သော ဝန်ကြီးဌာနနှင့် ဝန်ကြီးများ၊ သက်ဆိုင်ရာ တိုင်း/ပြည်နယ် ဝန်ကြီးချုပ်များ စသည့် ရာထူးများအပေါ် အမတ်တချို့ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ၎င်းတက်ရောက် ရှင်းပြမည် ဆိုသော်လည်း စာ‌ပေးပို့မှုသာ ရှိလာခဲ့သည်။

 

ထို့အပြင် စစ်ခေါင်းဆောင်က ဝန်ကြီးများ၊ တိုင်း/ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်ရာတွင်လည်း လူယုံတော် စစ်ဗိုလ်ချုပ်များ၊ စစ်ဘက်အရာရှိဟောင်းများအပါအဝင် ၎င်းနှင့်အတူ အာဏာသိမ်းရာ၌ ပါဝင်လာသူ လက်ရှိတာဝန်ထမ်းဆဲ ဝန်ကြီးအများစု ထည့်သွင်း၍ ဝန်ကြီးဌာန (၃၁) ခု၊ တရားရေးပိုင်းနှင့် စသည်တို့ကို ဖွဲ့စည်းထားသည်။

 

“သမ္မတကလည်း လုပ်ချင်တယ် အခုချိန်ထိလည်း လွှတ်တော်ထဲကို တက်မလာသေးဘူး။ သူကိုယ်တိုင် ခန့်ထားတဲ့ ပြည်ထောင်စုလွှတ်တော် နာယကရဲ့အောက်မှာ မထိုင်လိုတဲ့ အနေအထားမျိုး တွေ့ရတယ်။ သူ့ရဲ့ အာဏာရူးပုံမျိုးကတော့ စစ်တပ်ထဲမှာ တစ်ခါမှ မတွေ့ဖူးဘူး” ဟု စစ်ရေးလေ့လာ စောင့်ကြည့်သူ ဗိုလ်ကြီးဇင်ယော်က ပြောသည်။

 

လက်ရှိအချိန်ထိ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအနေဖြင့် လုပ်ပိုင်ခွင့်များမရှိဘဲ စစ်ရေးနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်အားလုံးကို သမ္မတအမည်ခံထားသည့် မင်းအောင်လှိုင်ကပင် စစ်ရုံးချုပ် (ကကကြည်း) မှတစ်ဆင့် ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

 

ဓာတ်ပုံ-MOI