ဧရာဝတီတိုင်းမ်
‎ဧပြီ ၈ ရက်

 

နိုင်ငံတစ်ဝန်း စစ်ရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း စစ်ကော်မရှင်က ယခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကိုမူ စည်ကားသိုက်မြိုက်နေသယောင် ပြသနိုင်ရန် ပြင်ဆင် နေကြောင်း သိရသည်။

ယခုနှစ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) မှ ၁၆ ရက် (သင်္ကြန်အတက်နေ့) အထိ ကျင်းပရန် သတ်မှတ်ထားသည်။ ရန်ကုန်မြို့တွင် မြို့တော်ခန်းမရှေ့၌ မဟာ သင်္ကြန်ဖျော်ဖြေရေး မဏ္ဍပ်ကြီးကို တည်ဆောက်ထားပြီး မဟာဗန္ဓုလပန်းခြံလမ်းတွင်လည်း “ရန်ကုန် လမ်းလျှောက်သင်္ကြန်” အဖြစ် ပြင်ဆင်နေကြောင်း မြို့ခံများထံမှ သိရသည်။

“ကုန်ဈေးနှုန်းတွေတက်၊ လူငယ်တွေဆိုလည်း စစ်မှုထမ်းပေါ်တာဆွဲမှာကြောက်လို့ ညဘက်ဆို အိမ်ပြင်တောင် သိပ်မထွက်ရဲကြဘူး။ ဒါပေမဲ့ မြို့တော်ခန်းမရှေ့မှာတော့ မဏ္ဍပ်ကြီးတွေဆောက်၊ ယိမ်းအကတွေ လေ့ကျင့်ခိုင်းပြီး အခြေအနေကောင်းနေသလိုမျိုး ပြချင်နေတယ်။ ဘာလုပ်ရမလဲ မသိသေးပေမယ့် အားလုံးက ထွက်ပေါက်မဲ့နေတယ်။ ခဏတာဖြစ်ဖြစ် စိတ်ထွက်ပေါက်တော့လိုတယ် ” ဟုရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ရန်ကုန်မြို့အပြင် အခြားမြို့ကြီးများတွင်လည်း ဗဟိုမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်နေရာများနှင့် သနပ်ခါးသင်္ကြန်မဏ္ဍပ်များ တည်ဆောက်လျက်ရှိသည်။ အထူးသဖြင့် ဒဂုံမြို့နယ်အတွင်းရှိ ဦးဝိစာရ အဝိုင်းမှ အလုံလမ်းတစ်လျှောက် ပြည်လမ်းထောင့်အထိ မဏ္ဍပ် ၁၀ ခုခန့်ကို စစ်ကော်မရှင်က အပြိုင်အဆိုင် တည်ဆောက်နေကြောင်း သိရသည်။

 

ထို့ပြင် မြို့နယ်အသီးသီးရှိ ဗဟိုမဏ္ဍပ်များ၌ စတုဒီသာကျွေးမွေးခြင်း၊ နှစ်ဆန်း ၁ ရက်နေ့တွင် ပရိတ်တရားတော်နာယူခြင်းနှင့် သက်ကြီးပူဇော်ပွဲများ ပြုလုပ်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်းများ လည်း ဆောင်ရွက်၍ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းနေကြောင်း ဝါဒဖြန့်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်