ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်
CNG အသုံးပြုနေသည့် မော်တော်ယာဉ်ပိုင်ရှင်များသည် လာမည့် ဧပြီ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ဆလင်ဒါအိုးများ၏ လုံခြုံမှုအခြေအနေကို စစ်ဆေးခံရမည်ဖြစ်ပြီး၊ သက်တမ်း ၅ နှစ်ကျော်လွန်နေသည့် ယာဉ်များကို CNG သုံးစွဲမှုစာရင်းမှ အပြီးတိုင် ပယ်ဖျက်မည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ဧပြီ ၈ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ သတ်မှတ်ရက်အတွင်း စစ်ဆေးမှုခံယူခြင်းမရှိသော ယာဉ်များနှင့် သက်တမ်း ၅ နှစ်ကျော် လွန်သည့် CNG ယာဉ်များကို မေလ ၁ ရက်နေ့မှစတင်ကာ CNG ယာဉ်စာရင်းမှ အပြီးအပိုင် ပယ်ဖျက် သွားမည်ဖြစ် ကြောင်း စစ်ကော်မရှင်က ဆိုထားသည်။

“တက္ကစီတွေနဲ့ လိုင်းကားတွေက CNG ကိုပဲ အဓိကအားကိုးနေရတာ။ အခု ဆီဈေးတွေတက်နေတော့ အားလုံးက CNG ပဲ တပ်ချင်နေကြတာ။ အခုလို အိုးဟောင်းတွေ ပယ်ဖျက်လိုက်ရင် အသစ်တွေအတွက် နေရာပြန်ရလာမလားတော့ မသိဘူး။ ဒါပေမဲ့ လက်ရှိသမားတွေအတွက်တော့ အလုပ်ရှုပ်ပြီး ဖိအားပေးခံရသလို ဖြစ်နေတာပေါ့” ဟု ရန်ကုန်ရှိ တက္ကစီယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် CNG အိုးသက်တမ်း ၅ နှစ်အောက် ယာဉ်များထဲမှ စစ်ဆေးမှုသက်တမ်း တစ်နှစ်ကျော်လွန်ပါက ဓာတ် ငွေ့ဝယ်ယူခွင့် (၃) လ၊ နှစ်နှစ်ကျော်လွန်ပါက (၆) လ စသဖြင့် ပြစ်ဒဏ်အလိုက် ဓာတ်ငွေ့ရောင်းချမှု ရပ်ဆိုင်းခံရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုသို့လုပ်ဆောင်ရခြင်းမှာ CNG အိုးများ ကြံ့ခိုင်မှုမရှိခြင်းနှင့် ဓာတ်ငွေ့ယိုစိမ့်မှုများကြောင့် ဖြစ်ပေါ် လာနိုင်သည့် မီးလောင်ပေါက်ကွဲမှု အန္တရာယ်များကို ကာကွယ်ရန်ဖြစ်ကြောင်း စစ်ကော်မရှင်က အကြောင်းပြထားသည်။ထို့ ကြောင့် ယာဉ်ပိုင်ရှင်များအနေဖြင့် ဧပြီလအတွင်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာန (CNG) သို့ သွား ရောက်စစ်ဆေးခံရမည်ဖြစ်ပြီး CNG ဝယ်ယူခွင့်စာအုပ်နှင့် ကတ်သစ်များကို ထုတ်ယူရမည်ဖြစ်သည်။
လက်ရှိတွင် CNG အရောင်းဆိုင်များကို ရန်ကုန်၊ မန္တလေး၊ ပလိပ်၊ ချောက်နှင့် ရေနံချောင်းမြို့တို့တွင် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်