ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်
ပြီးခဲ့တဲ့အပတ်က ရုရှားထိန်းချုပ် ခရိုင်းမီးယားဒေသမှာ လူ ၃၀ သေဆုံးခဲ့တဲ့ စစ်ဘက်သယ်ယူ ပို့ဆောင်ရေး လေယာဉ်ပျက်ကျမှုမှာ ရုရှားလေတပ် တပ်မှူးကြီးတစ်ဦးလည်း သေဆုံးသွားတယ်လို့ ရုရှား မီဒီယာတွေက ဖော်ပြပါတယ်။
သေဆုံးသူဟာ မြောက်ပိုင်းရေတပ်စု လေတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်မတော် (၄၅) ရဲ့ တပ်မှူး အလက်ဇန္ဒား အော့ထရိုရှန်ကိုဖြစ်တယ်လို့ အဲဒီတပ်အခြေစိုက်ရာ မားမန့်စ်ဒေသ အုပ်ချုပ်ရေး မှူးက အတည်ပြုခဲ့ပါတယ်။
မတ်လ ၃၁ ရက်နေ့က ခရိုင်းမီးယားဒေသမှာ An-26 စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ် ဟာ ကျောက်ဆောင်တစ်ခုကို တိုက်မိပြီး ပျက်ကျခဲ့ပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက လေယာဉ်ပျက်ကျရတဲ့ အဓိကအကြောင်းအရင်းဟာ စက်ပိုင်း ဆိုင်ရာ ချို့ယွင်းမှုကြောင့်လို့ ချက်ချင်းဆိုသလို ပြောကြားခဲ့ပါတယ်။
ဒီလိုလေယာဉ်တွေဟာ ၁၉၆၀ ပြည့်နှစ်နှောင်းပိုင်းကတည်းက ကုန်စည်သယ်ယူဖို့ စတင်အသုံးပြု ခဲ့တာဖြစ်ပေမဲ့ ဒီလေယာဉ်ပုံစံဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာပဲ အသက်အန္တရာယ်ဖြစ်စေတဲ့ ပျက်ကျ မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ယူကရိန်းနိုင်ငံ၊ ဇာပိုရစ်ဇီးယားဒေသမှာ ယူကရိန်းပိုင် An-26 လေယာဉ်တစ် စင်း ပျက်ကျခဲ့လို့ တစ်ဦးသေဆုံးခဲ့ရသလို ၂၀၂၀ ပြည့်နှစ်တုန်းကလည်း ယူကရိန်းအရှေ့မြောက်ပိုင်းမှာ လေ့ကျင့်ရေးပျံသန်းမှုအတွင်း လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ ၂၇ ဦးမှာ တစ်ဦးသာ အသက်ရှင်ခဲ့ပါ တယ်။
၂၀၂၀ ပြည့်နှစ်က တောင်ဆူဒန်မှာ An-26 လေယာဉ်တစ်စင်း ပျက်ကျခဲ့လို့ ရုရှားနိုင်ငံသား ငါးဦး အပါအဝင် စုစုပေါင်း လူရှစ်ဦး သေဆုံးခဲ့ဖူးပါတယ်။
၂၀၁၇ ခုနှစ်တုန်းကလည်း အာဖရိကအနောက်ပိုင်း အိုင်ဗရီကို့စ်နိုင်ငံမှာ An-26 လေယာဉ်တစ်စင်း ဆင်းသက်စဉ် ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါလာသူ (၁၀) ဦးထဲက လေးဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Senior Russian commander killed in March air crash, official says