‎‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၈ ရက်

 

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ပဒါန်းတပ်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ မြင့်တက်နေပြီး အမြောက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅) အတွင်းမှ စစ်ယာဉ်တန်းများအပြောင်းအရွှေ့ရှိနေကြောင်း သိရသည်။

မစခ ၉၀၅ အတွင်းမှ အင်အားအပြည့်ပါ စစ်ယာဉ်တန်း လေး စီးသည် ယခု ဧပြီလ ပထမပတ်အတွင်းက မလွန်တပ်နယ်ဘက်သို့ ဝင်ရောက်သွားခဲ့ပြီး နတ်ရေကန်ဗျူဟာဘက်သို့လည်း စစ်ကူများ ထပ်မံ ပေးပို့နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ဒီရက်ပိုင်းအတွင်း တိုက်ပွဲသတင်းတွေ ပြန်ကြားရဖို့ရှိတယ်။ အင်အားတွေထပ်ပို့ပြီး လမ်းဟောင်း ဘက်မှာ ခြေကုတ်ယူဖို့ ကြိုးစားလာတဲ့ပုံပဲ။ တာဝါတိုင်ကုန်းဘက်မှာတော့ AA က အသေအချာ ခံစစ်ပြင်ထားတယ်လို့ သိရတယ်” ဟု ငဖဲဒေသ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် နတ်ရေကန်ဗျူဟာသို့ စစ်ကူသွားသည့် စစ်ကြောင်းများသည် ဂုတ်ကြီးလမ်းသစ်နှင့် ပဇီလမ်းဟောင်းတို့တွင် ပိတ်ဆို့တိုက်ခိုက်ခံထားရပြီး လမ်းသစ်ဘက်တွင် လှုပ်ရှားနိုင်စွမ်း မရှိတော့သဖြင့် လမ်းဟောင်းဘက်တွင် တပ်ဖြန့်နေရာ၍ခြေကုပ်ယူနိုင်ရန် အားထုတ်လာခြင်း ဖြစ်သည်။

 

ငဖဲတပ်နယ်အတွင်း မစခ ၉၀၅ အပြင် အမြောက်တပ်ရင်းများဖြစ်သည့် အမတ-၃၇ နှင့် အမတ-၄၀၉ တို့ ရှိနေပြီး တိုက်ပွဲဖြစ်ပွားရာနေရာများကို လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း သိရသည်။

 

ထူးခြားချက်အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များသည် တောင်ခမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် ဗိုလ်မှူးချုပ်တစ်ဦးနှင့် စကခ-၁၇ စကခမှူး ဗိုလ်မှူးချုပ်တို့အပါအဝင် ဗိုလ်မှူးကြီး လေးဦးထက်မနည်း ခိုလှုံနေသည့် ငဖဲမြို့အတွင်းသို့ ဝတ်စုံပြည့်ဖြင့် ဝင်ရောက်အင်အားပြခဲ့သည်။

 

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Asho) သည် ပြီးခဲ့သည့် ဧပြီ ၅ ရက်နေ့က ငဖဲမြို့အတွင်းရှိ ကြံ့ခိုင်ရေး ရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့အထိ သွားရောက်ကာ အင်အားပြသမှုများ ပြုလုပ်ခဲ့သည်။

 

ဓာတ်ပုံ-AA Info Desk , CDF-Asho