နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် NLD ပါတီဦးဆောင်သည့် အရပ်သား အစိုးရကို မဲမသမာမှု စွပ်စွဲချက်ဖြင့် ခေါင်းဆောင်များကို မတရား ဖမ်းဆီး ထောင်ချ၍ အာဏာသိမ်းယူခဲ့သည်။
စစ်ခေါင်းဆောင်သည် ထိုသို့အာဏာသိမ်းယူပြီးနောက် အာဏာတည်မြဲရေးအတွက် ၂၀၂၅ ဒီဇင်ဘာတွင် အတုအယောင် ရွေးကောက်ပွဲတစ်ရပ်ပြုလုပ်ကာ ၎င်းတို့၏ လက်ဝေခံ ကြံ့ခိုင်ရေးပါတီကို အနိုင်ရ အောင် ပြုလုပ်ခဲ့သည်။
ထို့နောက် စစ်ခေါင်းဆောင်သည် ၎င်းကိုယ်တိုင် ဖန်တီးထားသည့် အတုအယောင် ရွေးကောက်ပွဲ ရလဒ်ကို အခြေခံကာ သမ္မတအဖြစ်ရယူခဲ့ပြီး ၎င်းကိုယ်ကို “ရွေးကောက်ခံသမ္မတ” ဟု ထုတ်ဖော် သုံးနှုန်းလာ၍ လူထုအသိုင်းအဝန်းနှင့် ဥပဒေပညာရှင်များက ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိသည်။
စစ်ခေါင်းဆောင်သည် တပ်ချုပ်ရာထူးကို လူယုံတော် ရဲဝင်းဦးအား လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသော် လည်း ယနေ့တိုင် “ဗိုလ်ချုပ်မှူးကြီး” ရာထူးကိုပါ ပူးတွဲဆုပ်ကိုင်ထားဆဲဖြစ်သည်။ ထိုကဲ့သို့ စစ်ဘက်နှင့် နိုင်ငံရေးရာထူးများကို ရောထွေးကိုင်စွဲကာ “ရွေးကောက်ခံ” ဟု အမည်တပ်နေခြင်းအပေါ် နယ်ပယ် အသီးသီး၏ သဘောထားများသိရှိနိုင်ရန် ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်း တင်ဆက် ထားပါသည်။
“သူ့တပည့်အောက်မှာတောင် ခေတ္တခဏ ငုံ့မခံနိုင်တဲ့ အာဏာရူးပုံမျိုး”
🟥ဗိုလ်ကြီးဇင်ယော် (လုပ်သက်ရင့် CDM စစ်ဘက်လေ့လာသူ)
“ရွေးကောက်ခံဆိုတာက သူ့ဘာသာသူ ပြန်ရွေးထားတဲ့ အနေအထားမျိုးပါ။ သမ္မတလည်း လုပ်ချင်တယ်၊ ဒါပေမဲ့ သူကိုယ်တိုင်ခန့်ထားတဲ့ သူ့တပည့် ပြည်ထောင်စုလွှတ်တော် နာယက အောင်လင်းဒွေးရဲ့ အောက်မှာ ကျမ်းသစ္စာကျိန်ဆိုဖို့တောင် ငုံ့မခံချင်တဲ့ အနေအထားမျိုး တွေ့ရတယ်။ သူ့ရဲ့ အာဏာရူး ပုံမျိုးက စစ်တပ်ထဲမှာ တစ်ခါမှ မတွေ့ဖူးဘူး။ အခုချိန်ထိ ဗိုလ်ချုပ်မှူးကြီးဆိုတဲ့ ရာထူးကို ဆင်းပေးမယ့်ပုံ မရှိသေးတော့ တပ်ချုပ်အသစ်ဖြစ်တဲ့ ရဲဝင်းဦးလည်း ဘာမှလုပ်လို့မရသေးဘူး။ ‘ရွေးကောက်ခံသမ္မတ’ လို့ သူမရှက်ဘဲ ပြောနေတာပါ”
“နိုင်ငံရေးရာထူးယူပြီး စစ်ဘက်ရာထူး ဆက်သုံးနေတာ တရားမဝင်ဘူး”
🟥စောဘဦးလေး (တရားလွှတ်တော်ရှေ့နေ)
“သူ့ကိုယ်သူ ရွေးကောက်ခံ သမ္မတလို့ ပြောတဲ့အခါ နံပါတ်တစ်က သူဟာ ကြံ့ခိုင်ရေးပါတီကလားဆိုတာ ပြန်စဉ်းစားဖို့လိုတယ်။ ဒါက ပြောင်ပြောင်တင်းတင်း အနိုင်ကျင့်မှုဖြစ်သလို၊ ပြည်ခိုင်ဖြိုး အာဏာရချိန်မှာ အဲဒီပါတီထဲကနေ ထပ်ပြီး အာဏာသိမ်းလိုက်တဲ့ ပုံစံမျိုးပါပဲ။ သူတို့ကျင်းပတဲ့ ၂၀၂၅-၂၀၂၆ ရွေးကောက် ပွဲမှာ ပြည်သူဘယ်နှစ်ရာခိုင်နှုန်း မဲပေးခဲ့သလဲဆိုတာ နိုင်ငံတကာကလည်း သိပြီးသားပါ။
နောက်တစ်ခုက လက်ရှိအချိန်ထိ ‘ဗိုလ်ချုပ်မှူးကြီး’ လို့ ခေါ်နေတဲ့ကိစ္စပါ။ ကျွန်တော်တို့ဆီမှာ အငြိမ်းစား ယူရင် စစ်ဘက်ရာထူးကို အရှေ့ကခံခေါ်လေ့ရှိပေမဲ့၊ နိုင်ငံရေးရာထူးတစ်ခုခုကို ရယူလိုက် ရင်တော့ ဗိုလ်ချုပ်မှူးကြီးတို့ ဘာတို့ ထည့်ခေါ်တာက စစ်ဘက်အုပ်ချုပ်ရေး စည်းမျဉ်းအရ တရားမဝင်တော့ပါဘူး။ အရင် ဦးသိန်းစိန် သမ္မတဖြစ်တုန်းက ဗိုလ်ချုပ်ကြီးဘဝကနေ အငြိမ်းစားယူခဲ့ပေမဲ့ သမ္မတရာထူး ယူတဲ့အခါ ‘ဗိုလ်ချုပ်ကြီး သိန်းစိန် (အငြိမ်းစား)’ လို့ မသုံးတော့ဘဲ ‘သမ္မတကြီး ဦးသိန်းစိန်’ လို့ပဲ သုံးရပါတယ်။
အခု မင်းအောင်လှိုင်ကတော့ ကျမ်းသစ္စာကျိန်ဆိုခါနီးအထိ စစ်ဘက်ရာထူးကို ဆက်ပြီး ဆုပ်ကိုင် ထားတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ဟာနဲ့သူတို့ ဗရုတ်သုတ်ခဖြစ်နေတဲ့ ရွေးကောက်ပွဲရလဒ် အပေါ်မှာ မင်းအောင်လှိုင်ရဲ့ အာဏာတပ်မက်မှုက ဘယ်လောက်အထိ များပြားသလဲဆိုတာ ကျွန်တော်တို့ အကဲဖြတ်လို့ ရပါတယ်ဗျာ”

“ကျွန်တော်တို့ သမ္မတဟာ ဦးဝင်းမြင့်ပါပဲ”
🟥ကိုဇွန်မိုးအောင် (CDM လက်ရွေးစင် ဘောလုံးသမား၊ ၂၀၁၅ Sea Game ငွေတံဆိပ်ရ ယူ-၂၃ လက်ရွေးစင်)
“ပထမဦးဆုံး ပြောချင်တာက ကျွန်တော်တို့ရဲ့ သမ္မတဟာ ပြည်သူရွေးချယ်တင်မြှောက်ထားပြီး မတရား ဖမ်းဆီးခံထားရတဲ့ ဦးဝင်းမြင့်ပါပဲ။ မင်းအောင်လှိုင်ကတော့ အာဏာသိမ်း၊ အတုအယောင် ရွေးကောက်ပွဲ လုပ်ပြီး အရှက်မရှိ မျက်နှာပြောင်တိုက်ကာ သမ္မတတက်လုပ်နေတာပါ။ သူ သမ္မတမဖြစ်ခင်မှာလည်း လက်နက်အားကိုးနဲ့ ပြည်သူကို နှိပ်ကွပ်ခဲ့တာ အားလုံးအသိပါ။ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာကိုတော့ အာဏာရှင်ကို မလိုလားလို့ ၅ နှစ်တိုင်တိုင် လက်နက်ကိုင် တော်လှန်နေကြတဲ့ ပြည်သူတွေက သက်သေပြနေတာမို့ မင်းအောင်လှိုင်ကို ပြည်သူက လက်မခံဘူးဆိုတာ ရှင်းရှင်းလေး ပါပဲဗျာ”
“သမ္မတရူးပြီး အာဏာသိမ်းတာကို ဘယ်ပြည်သူကမှ မရွေးချယ်ဘူး”

🟥CDM ကထိက ဆရာမတစ်ဦး
“ဒီကိစ္စကို ပြောရရင် အာဏာသိမ်းတဲ့အစကတည်းက ပြန်ကြည့်ဖို့ လိုပါတယ်။ သူ သမ္မတလုပ်ချင်တာ မရလို့ အာဏာသိမ်းတာဆိုတာ လူတိုင်းအသိပါ။ အခု သူက ‘ရွေးကောက်ခံ’ လို့ သုံးနှုန်းနေတာဟာ တကယ့်ကို ရယ်စရာကောင်းတယ်။ ဘယ်ပြည်သူကမှ သူ့ကို မရွေးချယ်ဘူးဆိုတာ တစ်နိုင်ငံလုံး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြကတည်းက သက်သေပြပြီးသားပါ။ ပြည်သူတွေဟာ သူတို့ရဲ့ သက်မွေး ဝမ်းကြောင်း အလုပ်အကိုင်တွေ၊ ဘဝတွေကိုတောင် စွန့်လွှတ်ပြီး သူ သမ္မတရူးရူးပြီး အာဏာသိမ်းတာကို ကန့်ကွက်ခဲ့ကြတာ။ ကိုယ့်ကိုယ်ကိုယ် ပြန်ခန့်တဲ့သူက ‘ရွေးကောက်ခံ’ လို့ သုံးနှုန်းတာဟာ ပြည်သူကို စော်ကားတာတင်မကဘဲ တကယ်ယုတ်ပက်ပြီး မရှက်တတ်တဲ့ လုပ်ရပ်လို့ပဲ မြင်ပါတယ်ရှင်။”
“ကိုယ့်ဖဲကိုယ်ချိုးပြီး ကိုယ့်ဘောကိုယ်ကန်နေတဲ့ အောက်တန်းကျတဲ့ ပြဇာတ်”
🟥ရန်ကုန်မြို့နေ ပြည်သူတစ်ဦး
“ကျွန်တော့်အနေနဲ့ကတော့ ဒါဟာ မှတ်ချက်ပေးစရာတောင် မရှိလောက်အောင် အောက်တန်းကျတဲ့ လုပ်ရပ်လို့ပဲ မြင်ပါတယ်။ ကိုယ့်ဖဲကိုယ်ချိုးပြီး ကိုယ့်ဘာသာ သမ္မတလုပ်ပစ်တာပဲ။ အစကတော့ မဲလိမ်မဲခိုးလို့ အာဏာသိမ်းရပါတယ်ဆိုပြီး အခုကျတော့ သူတို့ဘာသာ မဲခိုးပြီး ကြံ့ခိုင်ရေးပါတီ နိုင်တယ်လုပ်၊ ပြီးတော့ စစ်ဗိုလ်ချုပ်တွေကပဲ နေရာဝင်ယူနဲ့ ရှက်စရာကောင်းလိုက်တာဗျာ။ ဘယ်ပြည်သူ ကမှ သူ့ကို ရွေးချယ်တာ မဟုတ်ပါဘူး။ သူကိုယ်တိုင် စီစဉ်ထားတဲ့ အစုအဖွဲ့တွေက သူခိုင်းတဲ့အတိုင်း လုပ်ကြ ကပြနေကြတဲ့ ဇာတ်ပွဲ ပါပဲ။