‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၈ ရက်

အာရက္ခတပ်တော် (AA) ၏ အနီးကပ်ထိုးစစ်နှင့် ပစ်ခတ်တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့် စစ်ကော်မရှင်သည် ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် မြို့အတွင်း တည်ငြိမ်စည်ကားနေသယောင် ပြသနိုင်ရန်အတွက် သင်္ကြန်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ပြင်ဆင်နေကြောင်း သိရသည်။


စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံ၊ အစိုးရရုံးရှေ့နှင့် ကမ်းနားလမ်းတို့တွင် ဗဟိုမဏ္ဍပ်များ ဆောက်လုပ်နေပြီး လမ်းလျှောက်သင်္ကြန်ပြုလုပ်ရန်အတွက်လည်း စစ်ကော်မရှင်က စီစဉ်နေကြောင်း ဒေသခံသတင်းရင်း မြစ်များထံမှ သိရသည်။

“ပစ်ခတ်တာတွေကတော့မြို့ပြင်မှာဆိုပေမယ့် မြို့ထဲအထိ လက်နက်ကြီးသံတွေ ကြားနေရတာပဲ။ စစ်တပ်ကလည်း ခံစစ်ပြင်ပြီး အင်အားတိုးချနေတာတွေရှိတော့ ပြည်သူတွေကတော့ လန့်နေ ကြတာပေါ့။ ဒါပေမဲ့ သင်္ကြန်ဖျော်ဖြေဖို့ ရပ်ကွက်တချို့မှာ အကတိုက်ခိုင်းတာတွေရှိသလို လမ်းလျှောက် သင်္ကြန်လုပ်မယ်လို့လည်း ပြောတယ်။ ဝါဒဖြန့်တာပေါ့” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တွေမြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ တပ်ရင်း၊ တပ်ဖွဲ့များကို ပြီးခဲ့သည့် မတ် ၂၆ ရက်နှင့် တပ်မတော်နေ့တို့တွင် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကာကင်းစခန်းအချို့မှ စစ်ကော်မရှင်တပ်သားများ ထွက်ပြေးမှုများရှိခဲ့သည်။

 

ထို့ပြင် စစ်ကော်မရှင်သည် ၎င်းတို့၏ စစ်လက်နက်တပ်ခွဲမှ လက်နက်၊ ခဲယမ်း၊ ဗုံးသီး၊ ကျည်ဆံနှင့် ဆက်စပ်ပစ္စည်းများကို စစ်ကော်မရှင်က အရေးပေါ်ရွှေ့ပြောင်းမှုများပါ ပြုလုပ်ထားသည်။

စစ်ကော်မရှင်သည် နိုင်ငံအတွင်း တည်ငြိမ်မှုရှိကြောင်း ပြသလို၍ စစ်တွေမြို့တွင်သာမက နိုင်ငံအနှံ့ရှိ မြို့ကြီးများတွင်ပါ သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ကာ စိတ်ဓာတ်စစ်ဆင်ရေးကို အဓိကဦးတည် လုပ်ဆောင်လျက်ရှိသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- စစ်တွေတွင်ဆောက်လုပ်နေသော သင်္ကြန်မဏ္ဍပ်များ