ဧရာဝတီတိုင်းမ်
(ကလေး)၊ ဧပြီ ၈ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်တွင် အကျဥ်းကျနေသည့် ချင်းလူမျိုး လေးဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ငါးဦး လွတ်ရက်စေ့ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း ထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ လွတ်မြောက်လာသူများသည် တမူးမြို့နယ်၊ ခမ်းပတ်မြို့မှ ချင်းအမျိုးသမီးနှစ်ဦး၊ ချင်းအမျိုးသား နှစ်ဦး အပါအဝင် စုစုပေါင်း ငါးဦးတို့ဖြစ်ပြီး ၎င်းတို့သည် ဧပြီလ ၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

“လွတ်လာကြတဲ့အထဲမှာ အမျိုးသမီး နှစ်ယောက်၊ အမျိုးသား သုံးယောက်ပါတယ်။ သူတို့က လွတ်ရက်စေ့လို့ ကလေးအကျဥ်းထောင်ကနေ ပြန်လည်လွတ်လာကြတာပါ။ အားလုံး ကိုယ့်အိမ်အသီးသီးကို ပြန်ရောက်ကြပါပြီ” ၎င်းမိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်

လွတ်မြောက်လာကြသူများသည် ၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ငါးနှစ်စီ အသီးသီး ချမှတ်ခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

“သူတို့လွတ်မြောက်လာကြတာက အထူးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ကြတာ မဟုတ်ဘူး။ အကျဥ်းထောာင်ရဲ့ လုပ်ထုံးလုပ်နည်းအရ ပုံမှန်လျှော့ရက်ကြောင့်နဲ့ ဥပဒေအရ ခံစားခွင့်ရရှိတဲ့ လွတ်ရက်စေ့ကာလနဲ့ ကိုက်ညီလို့ အခုလို အမြန်လွတ်လာကြတာပါ”ဟု ကလေးအကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြန်လည်လွတ်မြောက်လာသူများသည် အသက် ၂၀ ကျော် အရွယ်နှင့် ၃၀ ဝန်းကျင်အရွယ်ရှိသူများဖြစ်ကြသည်။

မော်လိုက်အကျဉ်းထောင်တွင် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်၍ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည့် အမျိုးသား ၄၀၀ ကျော်နှင့် အမျိုးသမီး ၁၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။