ဧရာဝတီတိုင်းမ်
ဧပြီ ၈ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီး ရှေ့တန်းစခန်းများလက်လွှတ် လိုက်ရသည့် စစ်ကော်မရှင်က ပြည်သူ့စစ်များနှင့် ပူးပေါင်းပြီး စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း သိရသည်။
ဖားကန်မြို့နယ် ယမ်းချက်စက်ရုံဘက်နှင့် တပ်မကုန်းဘက်မှ စစ်ကော်မရှင်စစ်ကြောင်းနှင့် ဝါရာဇွပ် ပြည်သူ့ စစ်အဖွဲ့တို့ ပူးပေါင်းစစ်ကြောင်းထိုးလာသည့်အတွက် ဧပြီ ၆ ရက်နေ့မှစတင်ပြီး လုံးခင်းကျေးရွာတလျောက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
”မနေ့ကည ၇နာရီကျော်ထိပစ်ကြတာ။ မျောက်ကုန်းဘက်လည်း ဖြစ်တယ်။ ဒီနေ့ မနက် ၁၀နာရီကရော နေ့လယ် ဘက်ကရော လုံးခင်းထဲ လက်နက်ကြီးသံတွေကြားရတယ်။ မှော်ဆီစာဘက်ကွဲတာလည်း ရှိတယ်” ဟု လုံးခင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လုံးခင်း၊ မှောစီစာ၊ နမ္မဖြစ်၊ ထွယ်ဆန့်၊ သာယာကုန်းကျေးရွာများကို စစ်ကော်မရှင် စစ်ကြောင်းများ ဝင်ရောက်လာပြီး ယနေ့ ဧပြီ ၇ရက်နေ့တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်။
ဧပြီ ၇ ရက်နေ့ နေ့လယ် ၁နာရီဝန်းကျင်တွင် ဖားကန့်တပ်မကုန်းမှပစ်ခတ်သည့် လက်နက်ကြီး ကျည်များ မှော်ဆီစာ ကျေးရွာ စာသင်ကျောင်းအနီးနှင့် လုံးခင်းလမ်းမကြီးဘေး ဥရုချောင်းအနီးကို လည်း ကျရောက်ပေါက်ကွဲကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် KPDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဧပြီ ၂ရက်က ဖားကန့်ရှိ စစ်ကော်မရှင်၏ တပ်စခန်း သုံးခုထက်မနည်းကို သိမ်းပိုက်ခဲ့ပြီး ဖားကန့်ဗျူဟာကုန်းကိုလည်း ဒရုန်းဗုံး များကြဲချတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကော်မရှင်နှင့်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အနေဖြင့် လုံးခင်းဘက်မှ တပ်ဖြန့်လာခြင်း ဖြစ်သည်။
စစ်ကော်မရှင်နှင့်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များ လုံးခင်းကို ဝင်ရောက်လာရာတွင်လည်း KIA နှင့် PDF အယောင် ဆောင်ဝင်ရောက်လာခြင်းဖြစ်ပြီး သေနတ်ပစ်ဖောက်မှုများပြုလုပ်မှသာ စစ်ကော်မရှင် တပ်ဖွဲ့များ ဖြစ်ကြောင်း သိရှိ၍ ဒေသခံများမှာ ပုန်းရှောင်နေရကြောင်း သိရသည်။
#ဖားကန့် #လုံးခင်း #တိုက်ပွဲဖြစ် #စစ်ကော်မရှင် #လက်နက်ကြီး #ပစ်ခတ် #Ayeyarwaddy_Times