‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၇ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူစစ်မျက်နှာတွင် စစ်ကြောင်းလိုက်ပြုတ်သည်အထိ ရှုံးနိမ့်နေသော်လည်း နောက်တန်းသို့ ပြန်လာသည့် တပ်ဖွဲ့ဝင်အချို့ကို စစ်ကော်မရှင်က အောင်ပွဲရသကဲ့သို့ ကြိုဆို၍ ဂုဏ်ပြုပွဲပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်အဖွဲ့သည် ယမန်နေ့ ဧပြီ ၆ ရက်က ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ရဲမွန်တပ်နယ်တွင် ကျောက်ဖြူမှ ပြန်လာသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့ကို ကြိုဆိုဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းကလည်း အင်းတိုင်အခြေစိုက်တပ်ရင်းထဲမှာ ကျောက်ဖြူပြန်တွေဆိုပြီး ကြိုဆိုပွဲ တစ်ခါလုပ်ဖူးတယ်။ တကယ်တော့ ပြန်လာတာက အနည်းငယ်ပဲ၊ အသစ်ထပ်ပို့တာက ၄၀၀ လောက်ရှိတယ်လို့ သိရတယ်။ အခုက စစ်သားတွေ စိတ်ဓာတ်ကျနေပြီလေ၊ ဘယ်သူမှ ကျောက်ဖြူကို မသွားချင်ကြဘူး။ ဒါက သူတို့အချင်းချင်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်ပြနေရတာပါ” ဟု စစ်ကော်မရှင် တပ်နှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ သိုင်းချောင်း၊ မင်းပြင်နှင့် ပြားကျွိန်ချောင်းဖျားဘက်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးရန် ကြိုးပမ်းနေသော်လည်း ထွက်လာသည့် စစ်ကြောင်းတိုင်းကို အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်နေသဖြင့် တပ်ပျက်ထွက်ပြေးရမှုများ ဆက်တိုက်ရှိနေသည်။

စစ်ကော်မရှင်သည် မြေပြင်တွင် အကြီးအကျယ် ရှုံးနိမ့်နေသော်လည်း ချောင်းမြောင်၊ ကြောင်ခို၊ သိုင်းချောင်းနှင့် မင်းပြင်ဘက်တွင် အောင်ပွဲရနေသကဲ့သို့ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ကျောက်ဖြူစစ်မျက်နှာသို့ ရေကြောင်း၊ လေကြောင်းတို့မှ စစ်ကူအင်အားများ ဆက်တိုက် ပို့ဆောင်နေရပြီး တပ်မ (၁၁)၊ စကခ-၅ နှင့် တပ်ပျက်သွားသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံ တပ်ရင်းအချို့ကိုပါ ထည့်သွင်းအသုံးပြုနေရကြောင်း သိရသည်။

ပုံစာ- စစ်ကော်မရှင်က အောင်ပွဲရသကဲ့သို့ ကြိုဆိုနေသည့် စစ်ကြောင်းပြုတ် တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။