နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းစိတ်ကြိုက် ရွေးချယ်ထားသော ဗိုလ်ချုပ်များအပါအဝင် လက်ရှိတာဝန်ထမ်းဆဲ ဝန်ကြီးအများစုဖြင့် ရွေးတုလွှတ်တော် (၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော လွှတ်တော်များ) မှတစ်ဆင့် ဝန်ကြီးဌာနများ တင်သွင်းအဆိုပြု ဖွဲ့စည်းခန့်အပ်လိုက်သည်။
အမည်ခံ အစိုးရအဖွဲ့၏ သမ္မတနေရာ ရယူထားသည့် စစ်ခေါင်းဆောင်က ဝန်ကြီးဌာန ၃၁ ခုနှင့် ဝန်ကြီး ၃၀ ဦးတို့ကို ရွေးတုလွှတ်တော်ဖြစ်သော ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုတင်သွင်းခဲ့ရာ ဌာနတိုးချဲ့ရေးအတွက် ဆွေးနွေးမှုရှိသော်လည်း ကန့်ကွက်သူမရှိသဖြင့် ယနေ့ဧပြီ ၇ ရက်တွင် အတည်ပြုခဲံသည်။

အဆိုပါဝန်ကြီးဌာန ၃၁ ခုနှင့် ဝန်ကြီး ၃၀ ဦးတွင် ပြည်ထောင်စုဝန်ကြီး-သမ္မတရုံးမှလွဲ၍ အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးအဖြစ် အာဏာသိမ်းချိန်မှ လက်ရှိထိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးဟောင်း ခင်မောင်ရီကို ခန့်အပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ သမ္မတရုံးဝန်ကြီးအဖြစ် လက်ရှိစစ်ကော်မရှင်ခန့် အလုပ်သမားဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း အောင်ကျော်ဟိုး၊ ပို့ဆောင်ရေးဝန်ကြီးအဖြစ် လက်ရှိသမ္မတရုံးဝန်ကြီး (၁) ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်စန်း၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် လက်ရှိပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း မြထွန်းဦးတို့ဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးအဖြစ် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုဗိုလ် ချုပ်ကြီး ညွန့်ဝင်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဗိုလ်မှူးချုပ်ဟောင်းနှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးတင်မောင်ဆွေ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးအဖြစ် လက်ရှိဝန်ကြီး ဒေါက်တာကံဇော်၊ နယ်စပ်ရေးရာဝန်ကြီးအဖြစ် လက်ရှိပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဘုန်းမြတ်တို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးအဖြစ် စစ်ကော်မရှင်ခန့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်အကဲဖြတ်ရေးကော်မတီ၌ ပါဝင်သူလည်းဖြစ် လက်ရှိနယ်စပ်ရေးရာနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဒုဝန်ကြီး ဦးဇော်အေးမောင်အစ်ကိုဖြစ်သူ ရခိုင်တေးရေး၊ အဆိုတော် ဦးသန်းမောင်ကို ခန့်အပ်လိုက်ကြောင်း သိရသည်။

ဥပဒေရေးရာ၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ကျန်းမာရေးနှင့် သာသနာရေးဝန်ကြီးများအဖြစ် လက်ရှိဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာသီတာဦး၊ ဒေါက်တာချောချောစိန်၊ ဗိုလ်မှူးချုပ်ဟောင်း ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဗိုလ်မှူးချုပ်ဟောင်း တင်ဦးလွင်တို့ကို ခန့်အပ်လိုက်သလို အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့အား စစ်ခေါင်းဆောင်က တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ယင်းအမျိုးသမီးရေးရာဝန်ကြီးနှင့် လူငယ်ရေးရာဝန်ကြီးအဖြစ် လက်ဝေခံ ကြံ့ခိုင်ရေးပါတီမှ အနိုင်ရအမတ်များဖြစ်သူ ဒေါက်တာသက်သက်ဇင်၊ ဒေါက်တာမောင်သင်းတို့ကို ခန့်အပ်ထားပြီး ပြန်ကြားရေးဝန်ကြီးမှာ လက်ရှိရခိုင်ဝန်ကြီးချုပ် ဗိုလ်မှူးကြီးဟောင်း ထိန်လင်းဖြစ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် လက်ရှိဝန်ကြီး ဒုဗိုလ်ချုပ်ကြီး မင်းနောင်ဖြစ်ကြောင်း သိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးအဖြစ် စစ်ခေါင်းဆောင် ခန့်အပ်ထားသော ကြံ့ခိုင်ရေးပါတီဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဆန်းဦးတို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် စစ်တပ်ကကထုတ် (ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး)၏ ဒုအရာရှိချုပ် လက်ရှိစွမ်းအင်ဝန်ကြီး ဗိုလ်ချုပ်ဟောင်း ကိုကိုလွင်၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးအဖြစ် လက်ရှိစက်မှုဝန်ကြီး ဒေါက်တာချာလီသန်းတို့ဖြစ်ကြောင်း သိရသည်။
အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးအဖြစ် လက်ရှိဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီးအဖြစ် ဗိုလ်မှူးချုပ်ဟောင်း ခင်မောင်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် လက်ရှိစစ်ကော်မရှင်ခန့်အပ် သမ္မတရုံး(၄)ဝန်ကြီး ဗိုလ်မှူးဟောင်း ထွန်းအုံ၊ အားကစားရေးရာဝန်ကြီးအဖြစ် ပဲခူးတိုင်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်းတို့ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ် လက်ရှိဝန်ကြီးများဖြစ်သော စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး (ကကယာ) ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ်ဟောင်း မျိုးသန့်၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး(ကကဆေးညွှန်မှူး) ဗိုလ်ချုပ်ဟောင်း ဒေါက်တာစိုးဝင်းတို့ဖြစ်ကြောင်း သိရသည်။
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးကိုမူ ကြံ့ခိုင်ရေးပါတီ၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဟောင်း မောင်မြင့်အား ခန့်အပ်ခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမည်ခံ အစိုးရအဖွဲ့သစ်တွင် စိတ်ကြိုက်လူယုံများဖြင့်သာ ပြန်လည်ဖွဲ့စည်းထားပြီး အချို့သော ဝန်ကြီးဌာနများတွင် စစ်ဘက်အရာရှိဟောင်းများကို အရပ်ဝတ်လဲ၍ နေရာချထားသည်။
စစ်ခေါင်းဆောင်က ထိုကဲ့သို့လူယုံတော် စစ်ဗိုလ်ချုပ်များဖြင့် ဝန်ကြီးဌာနများ ဖွဲ့စည်းခြင်းသည် ၎င်းဦးဆောင်သော အရပ်သား အမည်ခံ စစ်အစိုးရကို ပုံဖော်နေခြင်းဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များ၏ ထောက်ပြထားသည်။
ဓာတ်ပုံ-MOI