ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဧပြီ ၇ ရက်
ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ မရာဒေသရှိ ရကားရွာ၌ ဘောလုံးပွဲကျင်းပနေစဉ် မရာကာကွယ်ရေးတပ်ဖွဲ့ (MDF) က အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် မရာလူငယ် ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
Mara Thotlia Py (MTP) အဖွဲ့ဦးဆောင်သည့် ကျေးရွာပေါင်းစုံ လူငယ်ဘောလုံးပြိုင်ပွဲကို ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က ကျင်းပနေစဉ် MDF တပ်ဖွဲ့ဝင် ၇၀ ခန့်က လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာပြီး လူငယ်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ဖမ်းဆီးရာတွင် အသက်ကြီးသူများကို ပြန်လွှတ်ပေးခဲ့သော်လည်း လူငယ် ၁၀၀ ကျော်ကိုမူ မော်တော် ယာဉ် ခုနစ် စီးဖြင့် တင်ဆောင်သွားခဲ့ကြောင်း သိရသည်။

“ဖမ်းဆီးတဲ့အပေါ်မှာ ဘောလုံးပွဲကျင်းပတဲ့ လူကြီးပိုင်းတွေနဲ့ ရွာလူကြီးတွေက ပြန်လွှတ်ပေးဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားတောင်းဆိုခဲ့ပေမဲ့ ပြန်မလွှတ်ပေးပါဘူး။ ဒါကြောင့် ဒီနေ့မှာ ရွာဥက္ကဋ္ဌတွေနဲ့ တာဝန်ရှိသူတွေ လိုင်လင်းပီမြို့ကို ရောက်လာပြီး ဆွေးနွေးမှုတွေ လုပ်နေကြပါတယ်” ဟု လိုင်လင်းပီမြို့မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများအနက် လူငယ် ၇၀ ခန့်မှာ မော်တော်ယာဉ်ပေါ်တွင် နေရာမဆံ့ သည့်အတွက် ပထိန်တလန်ဒေသ၌ ကျန်ရှိနေသေးကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ MDF ပြန်ကြားရေးတာဝန်ခံထံ ဧရာ၀တီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
မရာဒေသတွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိ မရာပြည်သူတိုင်း စစ်မှုထမ်းရန် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် မရာနယ်မြေ ပြည်သူ့အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ပြီးနောက် မရာလူငယ်များကို စုဆောင်း၍ စစ်သင်တန်းများပေးလျက်ရှိသည်။သို့သော် ယခုဖြစ်စဉ်မှာ တရားဝင် ထုတ်ပြန်ကြေညာ ခြင်းမရှိဘဲ လူငယ်ရာချီကို ပထမဆုံးအကြိမ် အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
မတူပီမြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မရာ) နှင့် မရာကာကွယ်ရေးတပ်ဖွဲ့ (MDF) ဟူ၍ တော်လှန်ရေးလက်နက်ကိုင်နှစ်ဖွဲ့ ရှိသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မရာ) သည် ချင်းပြည် (Chinland) အစိုးရနှင့် ပူးပေါင်းထားပြီး MDF မှာမူ ချင်းညီနောင်အဖွဲ့နှင့်အတူ အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်ပြုလုပ်ထားသည့် အဖွဲ့ဖြစ်သည်။
ပုံစာ-MDF တပ်ဖွဲ့ဝင်များ။