ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်
အမေရိကန်အာကာသအေဂျင်စီ (နာဆာ-NASA) ၏ အာတီမစ် ၂ (Artemis II) မစ်ရှင်တွင် လိုက်ပါ သွားသော အာကာ သယာဉ်မှူး လေး ဦးသည် လ၏ ဖုံးကွယ်နေသော တစ်ဖက်ခြမ်းသို့ ရောက်ရှိသွားပြီး လူသားတို့သမိုင်းတွင် ကမ္ဘာနှင့် အဝေးဆုံးအထိ ရောက်ရှိသည့် စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း သိရသည်။
၁၉၇၂ ခုနှစ်နောက်ပိုင်း လူသားများကို လပေါ်သို့ ပြန်လည်ပို့ဆောင်မည့် ယခုခရီးစဉ်တွင် အာကာ သယာဉ်မှူးများသည် ကမ္ဘာမှ မိုင်ပေါင်း ၂၅၀,၀၀၀ ကျော် (ကီလိုမီတာ ၄ သိန်းကျော်) အကွာအဝေးအထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က လ၏ အမှောင်ဖုံးနေသော တစ်ဖက်ခြမ်းသို့ ၆ နာရီကြာ ပျံသန်းစဉ်အတွင်း လမျက်နှာ ပြင်ပေါ်သို့ ဥက္ကာခဲများ ကျရောက်ထိမှန်ရာမှ ထွက်ပေါ်လာသည့် မီးတောက်မီးလျှံများ (Impact Flashes) ကိုလည်း အာကာသယာဉ်မှူးများက တိုက်ရိုက်မြင်တွေ့ခဲ့ကြရသည်။
ယခု အာတီမစ် ၂ ခရီးစဉ်တွင် အာကာသယာဉ်မှူးများအတွက် အသက်ရှူရလွယ်ကူစေမည့် စနစ်များ နှင့် ခေတ်မီလေစုပ်အိမ်သာစနစ်များ အပါအဝင် နည်းပညာမြင့် ပစ္စည်းကိရိယာများစွာ ထည့်သွင်း ထားသည်။
ထိုသို့ ထည့်သွင်းလုပ်ဆောင်ခြင်းမှာ နောက်လာမည့် အာတီမစ် ၃ (Artemis III) ခရီးစဉ်တွင် လမျက်နှာပြင်ပေါ်သို့ လူသားများ အမှန်တကယ် ဆင်းသက်နိုင်ရန်အတွက် ဘေးကင်းလုံခြုံမှုကို အဓိကစမ်းသပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

နာဆာ၏ ယခု အာတီမစ် ၂ မစ်ရှင်တွင် အမျိုးသမီးတစ်ဦးနှင့် လူမည်းအမျိုးသား အာကာသယာဉ်မှူး တစ်ဦးတို့ ပထမဆုံးအကြိမ် ပါဝင်လာပြီး ၎င်းတို့သည် လာမည့် ဧပြီလ ၁၀ ရက်နေ့တွင် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
၁၉၆၉ ခုနှစ်မှ ၁၉၇၂ ခုနှစ်အတွင်း အပိုလိုမစ်ရှင် ခြောက် ခုက လူသား ၁၂ ဦးကို လမျက်နှာပြင်ပေါ်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် နှစ်ပေါင်း ၅၀ ကျော်ကြာ ယခုခရီးစဉ်သည် လူသားတို့၏ ဒုတိယမြောက် လကမ္ဘာခရီးစဉ် အစပျိုးခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံ – the space
Ref : Reuters, Artemis 2 Moon Crew Flies Father than Humans have ever gone before