ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ရွှေမျှောလုပ်ကွက်များရှိရာ သဖန်းဆိပ်ဆည်ကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်လိုက်ပြီး စစ်ကူအင်အားအလုံးအရင်း ပို့ထားကြောင်း သိရသည်။
သဖန်းဆိပ်ဆည်ကို ပြီးခဲ့သည့် မတ် ၂၈ ရက်ကသိမ်းယူပြီး ဆည်၏ အနောက်ဘက် မီတာ ငါးထောင်အကွာရှိ အင်တိုင်းရွာကို ယမန်နေ့ ဧပြီ ၆ရက်နေ့က သိမ်းယူခဲ့သည်ဟု စစ်ကော်မရှင်က ထုတ်ပြန်လာသည်။
”ဓာတ်အားပေးစက်ရုံကိုလည်းမီးရှို့တယ်ဆိုပြီးလည်း ထုတ်ပြန်တာတွေ့ပါတယ်။ ရွှေလုပ်ကွက်ကို စစ်တပ်ကအဓိကပြန်လိုချင်နေတာပေါ့ အင်အားသုံးပြီးကို ပြန်လာတိုက်တာ” ဟု ကန့်ဘလူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သဖန်းဆိပ်ဆည်ကို သိမ်းယူပြီး အင်တိုင်းကျေးရွာကိုပါဝင်ရောက်လာသည့် စစ်ကော်မရှင်က ပြီးခဲ့သည့် ဧပြီ ၅ရက် ညနေပိုင်းတွင် ကန့်ဘလူ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း သတရ ၆၀၀၆ထဲမှ အင်အားအပြည့်ပါ ၁၂ဘီးယာဉ်တစ်စီး သဖန်းဆိပ်ဆည်ဘက်ပို့ခဲ့ကြောင်း သိရသည်။
ထို့အပြင် သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်းအတွင်းကို အင်အား ၃၀ခန့်ပါ စစ်သုံးယာဉ်တစ်စီး အင်အားဖြည့်ထားသည်ဟု ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။
သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေမျှောလုပ်ကွက်ကို စစ်ကော်မရှင်က ပြီးခဲ့သည့် မတ် ၁၅ရက်မှစကာ ဂျက်ဖိုက်တာ နှစ်စီးသုံး၍ ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည့်အတွက် သေဆုံးပျောက်ပျက်မှုများ ရှိခဲ့သည်။