ဧရာဝတီတိုင်းမ်
(ရေး)၊ ဧပြီ ၇ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းတွင် ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့နှင့် ၅ ရက်နေ့များ၌ စစ်ကော်မရှင် ၏ကင်းအဖွဲ့များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် တစ်ဦးအပါအဝင် စစ်ကော်မရှင်တပ်သား သုံးဦးသေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေး တပ်(MSRF) ထံက သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီ ၅ ရက်၊ ည ၉နာရီ ဝန်းကျင်က ခေါဇာမြို့ရှိ ခေါ်ဇာအခြေစိုက် ခလရ-၃၁ တပ်ရင်း၏ ကာကင်းစခန်းကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်၏ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ အလစ်ဝင်ရောက်တိုက်ခဲ့တဲ့တိုက်ပွဲက အဲ့ဒီကာကင်းစခန်းမှာကျတော့လူအင်အား ၂၀ ဝန်းကျင်လောက်ရှိတယ်။ အဲ့ဒီကာကင်းစခန်းကိုတိုက်တာက မိနစ် ၂၀ လောက်တော့ကြာတယ်။ တိုက်ပွဲမှာ ထိခိုက်သေဆုံးမှုဆက်လက်အတည်ပြုနေဆဲဖြစ်တယ်” ဟု MSRF တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ မိတလဉာဏ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့ကလည်း ရင်းဒိန်ကျေးရွာ နှင့် ရင်းရယ်ကျေးရွာ အကြားတွင် ခေါဇာအခြေစိုက် ခလရ-၃၁ တပ်ရင်းမှ ထွက်လာသည့် တိုက်ကင်းလှည့်နေသည့် စစ်ကော်မရှင် တပ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ ဗိုလ်တစ်ဦးနှင့်တပ်သား နှစ် ဦး သေဆုံးခဲ့ကြောင်းသိရသည်။
“အင်အား ၃၀ လောက်ရှိတဲ့တိုက်ကင်းကို ကျွန်မတို့တပ်ဖွဲ့ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲကြာချန်ကတော့ ၁၀ မိနစ်ဝန်းကျင်လောက်တော့ကြာတယ်။ အဲ့ဒီမှာဆို နှစ်ပွင့်နဲ့ ဗိုလ်တယောက်ပါ သေဆုံးခဲ့တာကို ကျွန်မတို့အတည်ပြုနိုင်ခဲ့တယ်။ ဒီတိုက်ပွဲမှာ နှစ်ယောက်ကတော့ မျက်မြင်အတည်ပြုနိုင်ခဲ့တယ်” ဟု မိတလဉာဏ်က ဆက်လက်ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုများကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်းအမှတ်(၈၀၀၂) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – MSRF