ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်

 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတအဖြစ် အမည်ခံယူပြီးနောက် ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့သစ်တွင် ၎င်း၏ လက်ရင်းလူယုံတော်ဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှာ မည်သည့်ရာထူးမျှ ရရှိခြင်းမရှိဘဲ ဖယ်ရှားခံလိုက်ရကြောင်း သိရသည်။

 

ယနေ့ ဧပြီ ၇ ရက်တွင် ပြုလုပ်သည့် ရွေးတုလွှတ်တော်၌ ဝန်ကြီးဌာန ၃၁ ခုအတွက် ဝန်ကြီး အမည်စာရင်းများ တင်သွင်းရာတွင် ပြန်ကြားရေးဒုဝန်ကြီးအဖြစ် နှစ်ရှည်လများ တာဝန်ယူ ခဲ့သည့် ဗိုလ်ချုပ်ဇော်မင်းထွန်း ပါဝင်လာခြင်း မရှိတော့ပေ။

သမ္မတ မင်းအောင်လှိုင်အဖြစ် ခံယူ၍ ရွေးတုလွှတ်တော်တွင် စာရင်တင်သွင်းခဲ့သည့် အစိုးရအဖွဲ့သစ်စာရင်းတွင် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဧပြီလအထိ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးကြီးဟောင်း ထိန်လင်းကို ပြန်ကြားရေးဝန်ကြီးနေရာ၌ တင်သွင်းထားကြောင်း သိရသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းကို ရာထူးမှ ထုတ်ပယ်ရုံသာမက လက်ရှိတွင် စောင့်ကြည့်ခံရသူအဖြစ် ထိန်းသိမ်း ထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်း ရာထူးပြုတ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ စစ်ခေါင်းဆောင်၏သားဖြစ်သူ အောင်ပြည့်စုံနှင့် စီးပွားရေးအကျိုးအမြတ် လုမိရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အောင်ပြည့်စုံနှင့် အဖွဲ့သည် ဝန်ကြီးဌာနတင်ဒါ ၁၃ ခုကို လျှောက်ထားရာတွင် ၁၂ ခု ရရှိခဲ့ပြီး ကျန်ရှိသည့် တစ်ခုမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဇနီးဖြစ်သူ ဒေါ်သင်းသင်းအောင်နှင့် ပတ်သက်နေသဖြင့် စစ်ဆေးမှုများ ပြုလုပ်ရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ဇနီးဖြစ်သူမှာ မလျော်ဩဇာသုံးကာ စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် ပူးပေါင်း၍ တင်ဒါများရယူခြင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး (ဖဆစ) တပ်ဖွဲ့ပိုင် မြေကွက်များကို မြေစာရင်း ဌာနနှင့် ပူးပေါင်းကာ စာရွက်စာတမ်းအတုများဖြင့် ရောင်းစားခြင်းတို့ လုပ်ဆောင်ခဲ့ခြင်း ကြောင့်ဟု ဆိုကာ ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်ကော်မရှင်က ခေါ်ယူစစ်ဆေးပြီး ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

 

စစ်အုပ်စု၏ လိမ်လည်လှည့်ဖြားမှုများကို ရှေ့တန်းမှနေ၍ ခုခံကာကွယ်ပေးခဲ့သူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေပြီး နေအိမ်အကျယ်ချုပ် သဘောမျိုးဖြင့် စောင့်ကြည့်ခံနေရကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။