ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်
နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီဆိုင်များတွင် ပြည်သူများ နာရီပေါင်းများစွာ အတိဒုက္ခရောက်ကာ တန်းစီ ဝယ်ယူနေရချိန်၌ QR Code စနစ်ဖြင့် အကန့်အသတ်နှင့် ရောင်းချခြင်းကြောင့် စက်သုံးဆီဝယ်ယူစရိတ် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့် လျော့နည်းသက်သာသွားကြောင်း အကြမ်းဖက်စစ်ကော်မရှင်က ကြွားလုံးထုတ် ပြောဆိုထားသည်။
စက်သုံးဆီကို နှစ်စဉ်တန်ချိန် ၅ သန်းခန့် တင်သွင်းနေရပြီး အမေရိကန်ဒေါ်လာ သန်း ၅,၀၀၀ ကျော် သုံးစွဲနေရသော်လည်း ယခုကဲ့သို့ ကန့်သတ်ချက်များဖြင့် ရောင်းချခြင်းကြောင့် နှစ်စဉ် ဒေါ်လာသန်း ၂,၀၀၀ ခန့် လျော့နည်းသက်သာမည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ရန်ကုန်အပါအဝင် မြို့ကြီးများ၌ စက်သုံးဆီဝယ်ယူရန် ၂ နာရီမှ ၃ နာရီကျော်အထိ တန်းစီစောင့်ဆိုင်းနေရပြီး နယ်မြို့များတွင်မူ ရေစက်၊ မီးစက်နှင့် လယ်ယာသုံးစက်ပစ္စည်းများကို ဆီဆိုင်အထိ ကိုယ်တိုင်သယ်ဆောင်ကာ ခက်ခဲစွာ ဖြည့်တင်းနေရခြင်း ဖြစ်သည်။
“စက်သုံးဆီက မြင်နေရတဲ့အတိုင်းပဲ တန်းစီဝယ်နေရတယ်။ အရင်လို သလောက်ဝယ်ဖို့တော့ ရမယ် မထင်သေးဘူး။ ဒီစနစ်တွေကောင်းတယ်ဆိုပြီး သူတို့ကတော့ အကြိုက်တွေ့နေပြီထင်တယ်။ အီရန်စစ်ပွဲ ပြီးသွားရင်တောင် နိုင်ငံခြားငွေသက်သာတယ်ဆိုပြီး နောက်ပိုင်းလည်း ဒီလိုပဲ ဝယ်ရတော့မလား မသိဘူး” ဟု ရန်ကုန်မြို့ခံ ကိုယ်ပိုင်ယာဉ်မောင်း တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိစစ်ကော်မရှင်သတ်မှတ်သောစက်သုံးဆီဈေးနှုန်းသည် အာရှနိုင်ငံများတွင် မြန်မာနိုင်ငံက ဈေးတက်မှုအမြင့်ဆုံးဖြစ်ပြီး သတ်မှတ်ချက်အတိုင်းသာ ဝယ်ယူနိုင်သည့်အပြင် ဝယ်ယူရာတွင်လည်း အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသည်။

ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှ ဧပြီ ၆ ရက်နေ့အထိစာရင်းများအရ နေ့စဉ်ပျှမ်းမျှစက်သုံးဆီသုံးစွဲမှု ၃ ဒသမ ၅၃ ဂါလန်သန်းမှ ၂ ဒသမ ၅ ဂါလန်သန်းသို့ကျဆင်းရာလာသဖြင့် ဆီဂါလံ သုံးစွဲမှု ၁ သန်းကျော်လျော့နည်းသွားကြောင်း စစ်ကော်မရှင်က ဆိုထားသည်။
လက်ရှိတွင် စက်သုံးဆီဖူလုံရေးအတွက် ဓာတ်ဆီရက် ၄၀ နှင့် ဒီဇယ် ရက် ၅၀ ခန့်ရှိပြီး ယခုလအတွင်း သင်္ဘော ၂၆ စင်းထပ်မံတင်သွင်းရန်စီမံထားကြောင်း စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တစ်နိုင်ငံလုံး၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည် (LPG) နှင့် ရေနံထွက် ပစ္စည်းများမှာ ၂၉ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး ယင်းတို့ကို သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိက အသုံးပြုနေခြင်းဖြစ်ကာ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် လိုအပ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းနေရခြင်းဖြစ်သည်။
စစ်ကော်မရှင်အနေဖြင့် ပြည်သူများအပေါ် စက်သုံးဆီ ကန့်သတ်ရောင်းချခြင်းဖြင့် သက်သာလာသော နိုင်ငံ ခြားငွေများကို အာဏာတည်မြဲရေးအတွက် စစ်လက်နက်နှင့် လေယာဉ်ဆီ ဝယ်ယူမှုများတွင်သာ အသုံးပြုသွားဖွယ်ရှိသည့်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်ထောက်ပြထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်