MZH (ဘာသာပြန်ဆိုသည်)
ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံ အစိုးရဆီကနေ အာဏာကို သိမ်းယူလိုက်တာကြောင့် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်မီး တောက်လောင်တဲ့အထိ ဖြစ်လာတာပါ။
မင်းအောင်လှိုင်ဟာ တပ်မတော်ကို ၁၅ နှစ်ကြာ ဦးဆောင်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံကို သူကိုယ်တိုင် ဦးဆောင်ချင်တဲ့ ရည်မှန်းချက်ရှိသူလို့ ကျွမ်းကျင်သူတွေက အစောကတည်းက မြင်ထားကြတာပါ။ အခုဆို ရင် ၅ နှစ်တာကာလ ကျော်လွန်သွားခဲ့ပြီးတဲ့နောက်မှာ သူဟာ လွှတ်တော်ရဲ့ မဲပေးမှုနဲ့အတူ မြန်မာနိုင်ငံရဲ့ သမ္မတသစ် ဖြစ်လာခဲ့ပါပြီ။
စစ်ခေါင်းဆောင်ကနေ အစိုးရအဖွဲ့ရဲ့ ထိပ်ဆုံးနေရာကို မင်းအောင်လှိုင် ပြောင်းလဲရောက်ရှိလာ တာဟာ မြန်မာစစ်တပ်က အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတစ်ရပ် ကြောင့်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
အသက် ၆၉ နှစ်အရွယ် မင်းအောင်လှိုင်ဟာ စစ်တပ်ရဲ့လက်ကိုင်တုတ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ လွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ စုစုပေါင်း မဲ ၅၈၄ မဲအနက် ၄၂၉ မဲရရှိပြီး သမ္မတအဖြစ် အရွေးခံခဲ့ရပါတယ်။ သူဟာ အမျိုးသားလွှတ်တော်က ဒေါ်နန်းနီနီအေးနဲ့ စစ်တပ်က အမည် စာရင်းတင်သွင်းထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်းညိုစောဆိုတဲ့ သမ္မတလောင်း နှစ်ဦးကို ကျော်ဖြတ်ပြီး အနိုင် ရရှိခဲ့တာပါ။
ဒီရလဒ်အရ သူဟာ ၁၉၄၈ ခုနှစ် ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန် မာနိုင်ငံရဲ့ ၁၁ ဦးမြောက် သမ္မတ ဖြစ်လာတော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကို ဖျက်သိမ်းပြီး အ တိုက်အခံပါတီကြီးတွေလည်း ဝင်မပြိုင်တဲ့အတွက် ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိ ဘူးလို့ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက ရှုတ်ချခဲ့ပါတယ်။ ရလဒ်အနေနဲ့ စစ်တပ်ကျော ထောက်နောက် ခံ ကြံ့ခိုင်ရေးပါတီကပဲ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပါ။
“ကာချုပ်ရာထူးအစား သမ္မတဖြစ်ချင်တဲ့ ရည်မှန်းချက်ကို သူ အကြာကြီးကတည်းက မွေးမြူထား တာ။ အခုတော့ သူ့အိပ်မက်တွေ တကယ်ဖြစ်လာပြီပေါ့” လို့ မြန်မာ့အရေး လေ့လာသူ ဉီးအောင်ကျော်စိုး က ပြောပါတယ်။
“စစ်ခေါင်းဆောင်လုပ်ခဲ့တဲ့ ကာလမှာ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲခံ ထားရတာတွေကို သမ္မတဖြစ်လာရင် လွတ်မြောက်သွားမယ်လို့ သူ ထင်နေရင်တော့ အဲဒါ မှားနေပါပြီ။ နိုင်ငံတကာ တရား စီရင်ရေးက အဲဒီလို အလုပ်လုပ်တာ မဟုတ်ပါဘူး” လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ (AI) မှ သုတေသီ ဂျိုးဖရီးမန်းက ပြောပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း မင်းအောင်လှိုင်ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး အကန့်အသတ်နဲ့သာ ရှိခဲ့ပြီး လွတ်လပ်သော မီဒီယာတွေနဲ့လည်း တွေ့ဆုံပြောဆိုမှု အလွန် နည်းခဲ့ပါတယ်။ သူဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုကို ခံထားရသူလည်း ဖြစ်ပါတယ်။
မင်းအောင်လှိုင်ဟာ စစ်ရေးအရ အရှုံးတွေနဲ့ ရင်ဆိုင်နေရပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းမှု တွေကြောင့် စစ်တပ်ထောက်ခံသူတွေရဲ့ ဝေဖန်မှုကို ခံနေရပေမဲ့ အာဏာကိုတော့ ကြံ့ကြံ့ခံ ထိန်းထားနိုင်ဆဲပါ။ သူဟာ စစ်ရေးအရ တင်းမာသူဖြစ်ပေမဲ့ နိုင်ငံရေးအရ အထက်တန်းလွှာတွေကို လိုသလို ခြယ်လှယ် နိုင်စွမ်းရှိသူတစ်ယောက်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၉၃,၀၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ နိုင်ငံတကာ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ACLED က ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံရဲ့ သံတမန်ရေးရာ အားပေးကူညီမှုတွေက စစ်ခေါင်းဆောင် အာဏာတည်မြဲရေးကို အထောက်အကူ ဖြစ်စေပြီး တပ်မတော်ကို စစ်ရေးအသာစီးရမှုအချို့ ရရှိစေခဲ့တယ်လို့ ဒီဇင်ဘာလအတွင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ရင်းနှီးတဲ့ဆက်ဆံရေးကို သက်သေပြတဲ့အနေနဲ့ မင်းအောင်လှိုင် သမ္မတဖြစ်လာတာကို ပထမဆုံး ဂုဏ်ပြုစကားဆိုတာ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မြန်မာနဲ့တရုတ်ဟာ ရိုးရာဓလေ့အရ ခင်မင်ရင်းနှီးတဲ့ အိမ်နီးချင်းတွေ ဖြစ်သလို အနာဂတ် မှာလည်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာပြည်သူအားလုံးအပေါ် ခင်မင် ရင်းနှီးတဲ့ မူဝါဒကို ကျင့်သုံးတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်းက မိသားစုတစ်ခုမှာ မွေးဖွားခဲ့တဲ့ မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့မှာ ဥပဒေပညာကို သင်ယူခဲ့သူပါ။ ၁၉၇၇ ခုနှစ်မှာ စစ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီးနောက်ပိုင်း စစ်တပ်မှာ ရာထူး အဆင့်ဆင့်ကို တည်ငြိမ်စွာနဲ့ တက်လှမ်းလာခဲ့သူဖြစ်ပါတယ်။
စစ်တက္ကသိုလ်ဆိုတာ စစ်ဗိုလ်ချုပ်တွေကို မွေးထုတ်ပေးရာ နေရာတစ်ခုဖြစ်ပြီး စစ်ဘက်ခေါင်း ဆောင်တွေကို ပုံသွင်းရာမှာ အဓိကနေရာက ပါဝင်တာပါ။ ဒီကျောင်းကထွက်လာတဲ့သူအများစုဟာ စစ်တပ်ကို နိုင်ငံတော် စည်းလုံးညီညွတ်ရေးအတွက် ကိုယ်တိုင်တာဝန်ယူရမယ့် ကာကွယ်စောင့် ရှောက်သူ တွေအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါ့အပြင် သူတို့ဟာ အများစုဖြစ်တဲ့ ဗမာတိုင်းရင်း သားတွေနဲ့ ဗုဒ္ဓ ဘာသာရဲ့ အခွင့်အရေးတွေကို စောင့်ရှောက်သူတွေအဖြစ်လည်း မိမိကိုယ်ကို ခံယူထားကြပါတယ်။
စစ်ဗိုလ်ချုပ်တွေဟာ မြန်မာနိုင်ငံရဲ့ အဓိက အကာအကွယ်ပေးသူတွေဖြစ်တယ်ဆိုတဲ့ ခံယူချက် ကြောင့်ပဲ ၂၀၂၁ ဖေဖော်ဝါရီမှာ မင်းအောင်လှိုင်က အာဏာကို အကြွင်းမဲ့ သိမ်းယူခဲ့တာလို့ သူ့ရဲ့ အတွေးအ ခေါ်ကိုသိတဲ့ အရာရှိတစ်ဦးက ဆိုပါတယ်။
“သူ့ကတော့ အာဏာသိမ်းတာဟာ တရားမျှတတယ်လို့ ယူဆ နေတာ။ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က နားမထောင်ခဲ့ဘူးလေ” လို့ အဲဒီအရာရှိက ပြောပါတယ်။
အသက် ၈၀ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အကြည်ညိုပျက်မှု၊ အဂတိလိုက် စားမှုနဲ့ ရွေးကောက်ပွဲမသမာမှု စတဲ့စွဲချက်တွေနဲ့ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရပါတယ်။ ဒါပေမဲ့ ဒေါ် အောင်ဆန်းစုကြည်က ဒီစွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။
အရင် အကျယ်ချုပ်ကျခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်မှာပဲ သက်တောင့်သက်သာ နေထိုင်ခဲ့ ရတာပါ။ အခုတစ်ကြိမ်မှာတော့ သူ့ရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း စစ်တပ်ဘက်က အခိုင်အမာ ပြောဆိုနေပေမဲ့ ဘယ်နေရာမှာ ရှိနေတယ် ဘယ်လိုအခြေအနေရှိတယ်ဆိုတဲ့ အချက်အလက်တွေကို တော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ယမန်နှစ်က မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ သံတမန်ရေးအရ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ အရာရှိဟောင်းတစ်ဦးက ဆိုပါတယ်။
“မင်း အောင်လှိုင်က အဲဒီကိစ္စကို ချက်ချင်းပဲ ငြင်းဆိုခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စက သူတို့ အတွက်တော့ လုံးဝ ကျော်ဖြတ်လို့မရတဲ့ စည်းပဲဆိုတာ ကျွန်တော် သိတယ်” လို့ အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့က နေပြည်တော်မှာ မဲပေးအပြီးမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သတင်း ထောက်တွေက သမ္မတဖြစ်ဖို့ စိတ်ကူးရှိလားလို့ မေးမြန်းခဲ့ရာမှာ “ကျွန်တော်က နိုင်ငံရေးပါတီ ခေါင်းဆောင်မှ မဟုတ်တာ၊ ဒီလိုလုပ်မယ်၊ ဟိုလိုလုပ်မယ်ဆိုပြီး လွယ်လွယ်လေး ပြောလို့ မရဘူးလေ” လို့ သူက ပြန်ဖြေခဲ့ပါတယ်။
ဒါပေမဲ့ တနင်္လာနေ့မှာတော့ သူဟာ သမ္မတဖြစ်ဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာ ထူးကနေ နုတ်ထွက်ခဲ့ပြီး သူ့ရဲ့ အမာခံနောက်လိုက်တစ်ဦးဖြစ်တဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်း ရဲဝင်းဦးကို နေရာပေးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဟာ တပ်မတော်ကို တိုက် ရိုက်အမိန့်ပေးပိုင်ခွင့် မရှိပေမဲ့ သူ့ရဲ့လူယုံကို တပ်ချုပ်နေရာမှာ အစားထိုးခန့်အပ်လိုက်တာ စစ်တပ်အပေါ် သူ လွှမ်းမိုးထားနိုင်ဦးမှာပဲလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း CDM မှာပါဝင်ခဲ့တဲ့ ဗိုလ်မှူးနောင်ရိုးကတော့ နောက်တက်လာမယ့် စစ်ခေါင်း ဆောင်သစ်တွေဟာလည်း ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် ထားရှိတဲ့ သဘောထားက သိပ်ပြီး ထူးခြားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
“စစ်တပ်ရဲ့ ကိုင်တွယ်ပုံတွေ ဒါမှမဟုတ် မင်းအောင်လှိုင်ကို သဘောမကျတဲ့သူတွေ စစ်တပ်ထဲမှာ ရှိကောင်းရှိနိုင်ပေမဲ့ အဲဒါ သူတို့က တော်လှန်ရေးကို ထောက်ခံတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။
ဧပြီလ ၄ ရက်က Independent ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Alisha Rahaman Sarkar ရဲ့ Who is president Min Aung Hlaing? Former general consolidating Myanmar military’s grip on power ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။