ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်

မြန်မာသမ္မတသစ်အဖြစ် ရွေးကောက်ခံထားရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရိုဟင်ဂျာ တွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အင်ဒိုနီးရှားနိုင်ငံမှာ ဧပြီလ ၆ ရက်နေ့က ရာဇဝတ်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

ဒီအမှုဟာ ပြီးခဲ့တဲ့ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေးအရ အရေးယူနိုင်ဖို့ ကြိုးပမ်းတာလို့ သိရပါတယ်။

အင်ဒိုနီးရှား ရှေ့နေချုပ်ရုံးကို တိုင်ကြားတဲ့ ဒီအမှုမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ အမျိုးသမီး မာရက်စမင်းအူလာနဲ့အတူ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းတစ်ဦးနဲ့ မူဟာမဒီယာ အစ္စလာမ် အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌတို့လည်း ပါဝင်တယ်လို့ ဧပြီ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့အကြီးဆုံး နိုင်ငံမဲ့လူဦးရေဖြစ်တဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းတာတွေနဲ့ မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုဆိုင်ရာ အထောက်အထားတွေကို တင်ပြသွားမှာဖြစ်ပြီး ဒီအမှုကို အင်ဒိုနီး ရှား အစိုးရရှေ့နေတွေကလည်း လက်ခံလိုက်ပြီလို့ ဆိုပါတယ်။

“အင်ဒိုနီးရှားနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာဥပဒေအသစ်အရ အမှုကို တရားဝင်လက်ခံလိုက်တာဟာ ပထမ ဆုံးအကြိမ် ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေဖို့ ကြိုးပမ်းတဲ့ ဒီခရီးရှည် မှာ ဒါဟာ သမိုင်းဝင် မှတ်တိုင်တစ်ခုလို့ ကျွန်မ အလေးအနက် ကြိုဆိုပါတယ်” လို့ မာရက်စမင်းအူလာက ပြောပါတယ်။

အမှုတင်သွင်းသူတွေကတော့ အင်ဒိုနီးရှားရဲ့ ပြစ်မှုဆိုင်ရာဥပဒေမှာ နိုင်ငံတကာ တရားစီရင်ပိုင် ခွင့်ဆိုတဲ့ အချက်ပါဝင်ကြောင်း ပြောပါတယ်။

ဒီအချက်အရ အလွန်ကြီးမားပြင်းထန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ရင် ကျူးလွန်သူ ဒါမှမ ဟုတ် တရားခံတွေက ဘယ်နိုင်ငံသားဖြစ်ဖြစ် ပြစ်မှုက ဘယ်မှာပဲဖြစ်ဖြစ် အင်ဒိုနီးရှားအနေနဲ့ တရားစွဲဆို အရေးယူပိုင်ခွင့်ရှိတယ်လို့ သူတို့က ရှင်းပြပါတယ်။
မင်းအောင်လှိုင်ကို ပြီးခဲ့တဲ့အပတ်က လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ချက်နဲ့ သမ္မတအဖြစ် ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေ မြန်မာရွေးကောက်ပွဲကို အတုအယောင် ရွေးကောက်ပွဲလို့ သတ်မှတ်ထားပေ မဲ့ ဒီဖြစ်စဉ်ကြောင့် မင်းအောင်လှိုင်ဟာ နိုင်ငံရေးအာဏာကို ပိုပြီး ခိုင်မာအောင် ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Myanmar’s new president Min Aung Hlaing faces genocide complaint filed in Indonesia