ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့သုံးပတ်အတွင်း ဝက်သက်ရောဂါကြောင့် ကလေးငယ် ၉၈ ဦး ထက် မနည်း သေဆုံးခဲ့တယ်လို့ ဧပြီ ၅ ရက်က ထုတ်ပြန်တဲ့ တရားဝင် အချက်အလက်တွေအရ သိရပါတယ်။
အခြေအနေက တော်တော်လေး စိုးရိမ်ရတာမို့ ဒါကာမြို့တော် အာဏာပိုင်တွေက ရောဂါအဆိုး ဆုံးဖြစ်ပွားနေတဲ့ ဒေသတွေမှာ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေ ကြပါတယ်။
ဝန်ကြီးချုပ် တာရစ်ရာမန်က ဝန်ကြီးနှစ်ဦးကို လူဦးရေ သန်း ၁၇၀ ရှိတဲ့ တစ်နိုင်ငံလုံးအနှံ့ သွား ရောက်ပြီး အခြေအနေ ဘယ်လောက်အထိ ဆိုးရွားနေသလဲဆိုတာကို စစ်ဆေးဖို့နဲ့ လိုအပ်တဲ့ ကူညီကယ် ဆယ်ရေးတွေ ပေါင်းစပ်ညှိနှိုင်းပေးဖို့ ညွှန်ကြားထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဝက်သက်ရောဂါ လက္ခဏာရှိတဲ့ အသက် ၆ လက နေ ၅ နှစ်အတွင်း ကလေးငယ် အရေအတွက်ဟာ ၆,၄၇၆ ဦးအထိ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ နှစ်တွေနဲ့ ယှဉ်ကြည့်ရင် ဒီနှစ်မှာ ကူးစက်ခံရတဲ့ ကလေးအရေအတွက်က ပိုများသလို သေဆုံးသူ အရေအတွက်ကလည်း ပိုများနေတယ်” လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနရဲ့ ညွှန်ကြားရေး မှူး ဟာလီမာ ရာရှစ်က ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အချက်အလက်တွေအရတော့ ဝက်သက်ရောဂါလို့ သံသယရှိရ သူ အရေအတွက် အများဆုံး စံချိန်တင်ခဲ့တာက ၂၀၀၅ ခုနှစ်တုန်းက ဖြစ်ပြီး လူဦးရေ ၂၅,၉၃၄ ဦး ရှိခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ဒီနှစ်မတိုင်ခင်အထိ ကူးစက်မှုနှုန်းက သိသိသာသာကို ကျဆင်းသွားခဲ့တာပါ။
ဒီလိုရောဂါတွေ ပြန်လည်ပျံ့နှံ့လာရတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီးတော့တော့ “ကာကွယ် ဆေး လုံလောက်မှုမရှိတာ အပါအဝင် အကြောင်းရင်းပေါင်းစုံကြောင့် ဖြစ်ရတာပါ” လို့ ရာရှစ်က သုံးသပ်ပါ တယ်။
လက်ရှိမှာ ဝက်သက်ရောဂါလို့ အတည်ပြုထားတဲ့ ကလေးငယ် အရေအတွက်က ၈၂၆ ဦးရှိပြီး သေ ဆုံးသူ ၁၆ ဦးပဲ ရှိပေမဲ့ ကျွမ်းကျင်သူတွေကတော့ အများစုမှာ ရောဂါရှိမရှိ စစ်ဆေးမှုတွေ မလုပ်နိုင်တာ ဒါ မှမဟုတ် စစ်ဆေးမှုမလုပ်ခင် လူနာတွေက သေဆုံးသွားကြတာမျိုးတွေ ရှိနေတယ်လို့ ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ပြောပြချက်အရ ဝက်သက်ရောဂါဟာ ကမ္ဘာပေါ်မှာ အကူးစက် မြန်ဆုံး ရောဂါတွေထဲက တစ်ခုဖြစ်ပြီး လူတစ်ယောက် ချောင်းဆိုးလိုက်တာ ဒါမှမဟုတ် နှာချေလိုက်တဲ့ အခါမှာ အလွယ်တကူ ကူးစက်နိုင်ပါတယ်။
ဒီရောဂါက ဘယ်အရွယ်မဆို ကူးစက်နိုင်တယ်ဆိုပေမဲ့ ကလေးတွေမှာ အဖြစ်အများဆုံးဖြစ်ပြီး ဦး နှောက်ရောင်တာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်တဲ့ ဝေဒနာတွေအပါအဝင် တခြား နောက် ဆက်တွဲ ဆိုးကျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။
ကိုးကား – AFP
Ref; Bangladesh says suspected measles outbreak kills about 100 children