ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့အတွင်းသို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (အရှို) – CDF-Asho တပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ အင်အားပြစစ်ဆင်ရေးတစ်ရပ်ကို ယမန်နေ့ ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
တော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအင်အားစုများသည် တောတောင်ဒေသများ တွင်သာ အခြေစိုက်သည်ဟု ထင်မှတ်နေကြသည့် ပြည်သူများအတွက် ပြည်သူလူထုနှင့် အနီးကပ်ဆုံး နေရာတွင် ရှိနေကြောင်း ပြသလို၍ ယခုကဲ့သို့ မြို့တွင်းအင်အားပြမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

“မြို့ဝင်းကို ဝင်ရောက်ပြီးတော့ အင်အားပြရတယ်ဆိုတာက ပြည်သူတွေအနေနဲ့ လက်ရှိလည်း စစ်တပ်က အာဏာသိမ်းဆဲပဲ။ စစ်တပ်ကနေပြီးတော့ ဘယ်လောက်ပဲ ရွေးကောက်ပွဲနဲ့ တက်လာတယ် ဆိုပြီးတော့ ပြည်သူကို ယိမ်းယိုင်အောင် ညင်သာနည်းနဲ့ အုပ်ချုပ်တယ်လို့ ပြောပေမယ့်လည်း အခုချိန်ထိ အာဏာသိမ်းထားဆဲ၊ စစ်အစိုးရစနစ်နဲ့ပဲ အုပ်ချုပ်နေတယ်ဆိုတာကို မေ့လျော့မသွားအောင် ဒီလိုမြို့တွင်းကို ဝင်ရောက်တာဖြစ်ပါတယ်”ဟု CDF-Asho ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုလှုပ်ရှားမှုကို CDF-Asho ၏ စစ်ကြောင်းမှူးကိုယ်တိုင် ဦးဆောင်ကာ ငဖဲမြို့တွင်းသို့ ဝင်ရောက် ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖော်ဆောင်သည့် မြို့သိမ်းစစ်ဆင်ရေးမျိုးမဟုတ်ဘဲ မြို့တွင်းအင်အား ပြခြင်း ကိုသာ သီးသန့်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှို (CDF-Asho) သည် မကွေးတိုင်းအတွင်း အရှိုချင်းလူမျိုးများ နေထိုင်ရာ ဒေသများတွင် အခြေစိုက်ကာ အာဏာသိမ်းစစ်ကော်မရှင်ကို လက်နက်ကိုင် တော်လှန် တိုက်ခိုက် နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ဓာတ်ပုံ-ချင်းကာကွယ်ရေးတပ်ဖွဲ့ (အရှို)