ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဧပြီ ၆ ရက်

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲတွင် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု များပြားနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ဆေးရုံသို့ အဆက်မပြတ် ပို့ဆောင်နေရကြောင်း မြို့ခံများထံမှ သိရသည်။

 

ဧပြီလ ၄ ရက်နေ့၊ ညနေပိုင်းအချိန် ဖလမ်းမြို့နယ်တွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရသည့် စစ်ကော်မရှင်စစ်ကြောင်းမှ ထိခိုက်ကျဆုံးသူများကို ကလေးမြို့ရှိ ကုတင် (၁၀၀) ဆံ့ စစ်ဆေးရုံသို့ အရပ်သားသုံး မော်တော်ယာဉ်များဖြင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

 

 

ထိုသို့ သယ်ဆောင်ရာတွင် စစ်ကော်မရှင်တပ်ဘက်မှ သတင်းအမှောင်ချရန် ကြိုးပမ်းသည့်အနေဖြင့် ရုပ်အလောင်းများကို မိုးကာများဖြင့် အထပ်ထပ် ဖုံးအုပ်ထားသော်လည်း တာဟန်းလမ်းမကြီးတစ်လျှောက် ဖြတ်သန်းစဉ် ထွက်ပေါ်လာသော ပုပ်စော်နံသည့် အနံ့အသက်များကြောင့် သိသာထင်ရှားခဲ့ခြင်း ဖြစ်သည်။

“ကားတွေကို မိုးကာတွေနဲ့ သေချာအုပ်ထားပေမဲ့ အနံ့ကတော့ တော်တော်လေး ပြင်းထန်နေတယ်။ ဒါဟာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေ အများအပြား ပါလာတယ်ဆိုတာ သိသာစေတယ်။ ပုံမှန်ဆိုရင် သူတို့က အထိနာတာကို လူမသိအောင် ဖုံးဖုံးဖိဖိ လုပ်တတ်ပေမဲ့ အခုကတော့ အလောင်းအရေအတွက် များလွန်းလို့လားမသိဘူး၊ လူနေရပ်ကွက်တွေထဲကနေ ဒီအတိုင်း ဖြတ်မောင်းနေရတာ” ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ဖလမ်းမြို့ကို ပြန်လည်စိုးမိုးနိုင်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်များကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ အများအပြား ထိခိုက်ကျဆုံးခဲ့ခြင်း ဖြစ်သည်။

 

စစ်ကော်မရှင်သည် ၎င်းတို့၏ စစ်ရေးရှုံးနိမ့်မှုနှင့် အထိနာမှုများကို ဖုံးကွယ်ရန် ကြိုးပမ်းနေသော်လည်း၊ ကလေးမြို့ရှိ စစ်ဆေးရုံသို့ ဒဏ်ရာရသူများနှင့် ရုပ်အလောင်းများ ဆက်တိုက် ရောက်ရှိနေခြင်းသည် ဖလမ်းမြို့နယ်တိုက်ပွဲ မြေပြင်အခြေအနေတွင် ထိခိုက်သေဆုံးမှုများနေသည်ကို ဖော်ပြနေခြင်းဖြစ်သည်။

 

လက်ရှိအချိန်အထိ ဖလမ်းမြို့နယ်အတွင်း နှစ်ဖက်စစ်ရေး တင်းမာနေပြီး စစ်ကော်မရှင်ဘက်မှလည်း လိုအပ်သည့် လက်နက်ခဲယမ်းများကို လေကြောင်းမှတစ်ဆင့် ဖြည့်တင်းပေးနေရသလို ကလေးမြို့မှတဆင့် စစ်ကူအင်အားများကိုလည်း အဆက်မပြတ် စေလွှတ်နေကြောင်း သိရသည်။