ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်

 

အမည်ခံသမ္မတနေရာကို အဓမ္မရယူထားသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းဦးဆောင်မည့် အစိုးရအဖွဲ့သစ်အတွက် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များအဖြစ် ၎င်း၏ လူယုံတော် စစ်ဘက်/ရဲဘက် အရာရှိဟောင်းများနှင့် လက်ဝေခံကြံ့ခိုင်ရေးပါတီမှ အမတ်များကို ခန့်အပ်လိုက်ကြောင်း သိရသည်။

 

အာဏာသိမ်း စစ်ခေါင်းဆောင်သည် သမ္မတနေရာ ရယူပြီးနောက် ၎င်းဦးဆောင်မည့် စစ်အစိုးရ အဖွဲ့အတွက် ဝန်ကြီးဌာန ၃၁ ခု ဖွဲ့စည်းရန် ရွေးတုလွှတ်တော်သို့ ယနေ့ဧပြီ ၆ ရက်၌ တင်သွင်းခဲ့ပြီး သက်ဆိုင်ရာ တိုင်း/ပြည်နယ် ဝန်ကြီးချုပ်များကိုလည်း ခန့်အပ်အဆိုပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုခန့်အပ်မှုများထဲ စစ်ခေါင်းဆောင်၏လူယုံတော် လက်ရှိဝန်ကြီးချုပ်များဖြစ်သော ဦးခက်ထိန်နန် (ကချင်)၊ ဦးစောမြင့်ဦး (ကရင်)၊ ရဲအရာရှိဟောင်း ဦးမျိုးဆွေဝင်း (ပဲခူး)၊ ဦးမျိုးအောင် (မန္တလေး)နှင့် ချင်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ဦးနေလင်းအောင်တို့ ပါဝင်လာကြောင်း သိရသည်။

 

ယင်းအပြင် အရပ်ဝတ်လဲ၍ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်အနိုင်ရ ဒုရဲချုပ်ဟောင်း ဦးအောင်နိုင်သူကို ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ပြည်သူ့ရွေးကောက်ခံ မဟုတ်သော တပ်ကိုယ်စား လှယ်ဖြစ်သူ ဗိုလ်မှူးချုပ် အောင်သန်းဝင်းအား မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

 

အလားတူ လက်ဝေခံ ကြံ့ခိုင်ရေးပါတီမှ အမတ်များဖြစ်သည့် ဧရာဝတီ ဦးအေးကျော်၊ မကွေး ဦးတင်ကိုကို၊ တနင်္သာရီ ဦးဇော်နိုင်ဦး၊ ရခိုင် ဦးနိုင်ဦး၊ ရှမ်း စိုင်းထိန်စိုး၊ စစ်ကိုင်း ဦးကိုလေးနှင့် ကရင်နီ ဦးအံ့ကျော်တို့ကိုလည်း သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဖြစ်လာသူသည် ကြံ့ခိုင်ရေးပါတီ၏ ပုသိမ်မြို့ တိုင်းဒေသကြီး လွှတ်တော် အမတ်လည်းဖြစ်၊ ထွေအုပ်မှ ဒုညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအေးကျော်ဖြစ်ပြီး မကွေးဝန်ကြီးချုပ်မှာ ကြံ့ခိုင်ရေးပါတီ မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးတင်ကိုကို ဖြစ်သည်။

 

ထို့အပြင် တနင်္သာရီတွင် မြိတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဇော်နိုင်ဦး၊ ရခိုင်၌ စစ်တွေ မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးနိုင်ဦး၊ ရှမ်းတွင် ရပ်စောက်မြို့ လွှတ်တော်အမတ် စိုင်းထိန်စိုး၊ စစ်ကိုင်း၌ ကြံ့ခိုင်ရေးအမတ် ဦးကိုလေးနှင့် ကရင်နီတွင် ဦးအံ့ကျော်တို့ဖြစ်ကြောင်း သိရသည်။

 

စစ်ခေါင်းဆောင်သည် ရန်ကုန်နှင့် မွန်ပြည်နယ်ကဲ့သို့ အချက်အချာကျသည့် နေရာများတွင် စစ်ဘက်နှင့် ရဲဘက် အမာခံများကိုသာ ဆက်လက်ထားရှိခြင်းမှာ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးကို အဓိက ဦးစားပေးခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်