ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့်အပေါ် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak က ၎င်းအနေဖြင့် အစိုးရအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ ရှိနေသဖြင့် မင်းအောင်လှိုင်၏ သမ္မတရာထူး ခန့်အပ်ပွဲအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်နိုင်ခြင်း မရှိကြောင်း ပြောဆိုခဲ့သည်။
ထိုသို့ ၎င်းကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိသည့်အတွက် အထူးကိုယ်စားလှယ်အဖြစ် ထိုင်းဒုတိ ယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း H.E. Dr. Parnpree Bahiddha-Nukara မှတစ်ဆင့် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ အစိုးရသစ်နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။
စစ်ခေါင်းဆောင်၏ အမည်ခံသမ္မတဖြစ်လာခြင်းအပေါ် ထိုင်းနိုင်ငံအပြင် ၎င်းနှင့် နီးစပ်သည့် ဆက်ဆံ ရေးရှိသော တရုတ်၊ ရုရှား၊ နီကာရာဂွါ နှင့် ဘယ်လာရုစ် စသည့် နိုင်ငံအနည်းငယ်ကသာ သဝဏ်လွှာ ပေးပို့ အသိ အမှတ်ပြုခဲ့ခြင်း ဖြစ်သည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံအများစု အပါအဝင် အမေရိကန်၊ ဥရောပသမဂ္ဂ (EU)၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံအများစုကမူ စစ်ခေါင်းဆောင်၏ သမ္မတအဖြစ် အမည်ခံယူမှုကို ယခုအထိ အသိအမှတ်ပြုထားခြင်း မရှိကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်