ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်
နွေရာသီ အပူရှိန် ပြင်းထန်လျက်ရှိရာ ကမ္ဘာ့အပူချိန် အမြင့်ဆုံးမြို့များစာရင်းတွင် မြန်မာနိုင်ငံမှ မြို့ကြီး ခုနစ် မြို့ ပါဝင်နေပြီး လာမည့် ၃ ရက်အတွင်း အပူချိန် ဆက်လက်မြင့်မားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဧပြီ ၆ ရက်တွင် ထုတ်ပြန်သည်။
ကမ္ဘာ့အပူဆုံးစာရင်းတွင် မြန်မာနိုင်ငံမှ ချောက်မြို့ – ၄၃ ဒီဂရီစင်တီဂရိတ်၊ မင်းဘူး၊ မုံရွာ နှင့် မန္တလေးတို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်စီ၊ ရွှေဘို၊ စစ်ကိုင်း နှင့် မကွေး – ၄၁ ဒီဂရီစင်တီဂရိတ်စီဖြင့် အပူချိန်အမြင့်ဆုံးစာရင်းတွင်ပါနေကြောင်း ကမ္ဘာ့မိုးလေဝသစောင့်ကြည့်ရေးအဖွဲ့ Eldorado Weather က ထုတ်ပြန်သည်။

နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင် လာမည့် ဧပြီ ၇ ရက်မှ ၉ ရက်အတွင်း အပူချိန် ၄၁ ဒီဂရီမှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပြီး ရန်ကုန်နှင့် ပဲခူးတိုင်းတို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိ ရှိနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ခရမ်းရောင်အဆင့် အပူရှိန်များ ဆက်လက်တည်ရှိနေမည် ဖြစ်ကာစစ် ကိုင်းတိုင်းအောက်ပိုင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီမှ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုမိုမြင့်တက်နေကြောင်း မိုး/ဇလက သတိပေးထားသည်။

“အပူချိန်မြင့်လာရင် ခရမ်းလွန်ရောင်ခြည်လည်း မြင့်မားလာတတ်တယ်။ အပြင်ထွက်ရင် နေပူ မထိအောင် သေချာကာကွယ်ရမယ်။ အရေပြားကင်ဆာ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်အပူသက်သာ အောင် ရေများများသောက်ပါ။ ဖြစ်နိုင်ရင် နေပူထဲ အပြင်မထွက်တာ အကောင်းဆုံးပဲ” ဟု အရေပြား ဆရာဝန်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အပူရှိန်ပြင်းထန်မှုကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအတွက် အန္တရာယ်ရှိနိုင်ပြီး ပြင်းထန်သည့် နေရောင်ခြည်အောက်တွင် အလုပ်လုပ်သူများအနေဖြင့် အပူကြောင့် လေဖြတ်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်းနှင့် အသားအရေနီမြန်းလာခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
လတ်တလောတွင် ရန်ကုန်မြို၌ လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် အထပ်မြင့်အိမ်ရာများ၌ ဓာတ်လှေကားအသုံးပြု၍မရသဖြင့် လှေကားမှတက်ရာ၌ သက်ကြီးရွယ်အိုတစ်ဦး သေဆုံးမှု ဖြစ်ပွား ခဲ့သလို အမိုးအကာမရှိဘဲ နေပူထဲတွင် စက်သုံးဆီ တန်းစီရင်း သေဆုံးသူများလည်း ရှိလာ ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်