ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်

ရှေ့တန်းစစ်မျက်နှာပြင်များသို့ အဓမ္မစေလွှတ်ခဲ့သည့် စစ်မှုထမ်းအမှတ်စဉ် (၁) မှ တပ်သားသစ် ၅,၀၀၀ ကျော်အနက် ၂၀၀ ကျော်သာ နေရပ်သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

စစ်တပ်ထောက်ခံ ဝါဒဖြန့်ချန်နယ်များတွင် စစ်မှုထမ်း အမှတ်စဉ် (၁) မှ သင်တန်းသား ၂၄၆ ဦး နေရပ်ပြန် (အိမ်ပြန်ခွင့်)ရပြီး တာဝန်ထမ်းဆောင်မှု ဂုဏ်ပြုငွေ တစ်သိန်းကျပ်စီချီးမြှင့်ခဲ့ကြောင်း ရေးသားဖော်ပြ ထားသည်ကို တွေ့ရသည်။

စစ်ကော်မရှင်တပ်က ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လူငယ်၊ လူရွယ်များကို အတင်းအဓမ္မ ဖိအားပေး ပေါ်တာဆွဲ၍ အမှတ်စဉ်တစ်ခုလျှင် ဦးရေ ၅,၀၀၀ သတ်မှတ်ကာ ရှေ့တန်းစစ်မျက်နှာ ပြင်များသို့ ပို့ဆောင်ခဲ့ပြီး ယင်းအမှတ်စဉ် (၁) တွင် လူငယ် ၅,၁၅၅ ဦးကို စစ်သင်တန်း ဆင်းခဲ့ခြင်းဖြစ်သည်။

ရှေ့တန်းနယ်မြေများမှ ပြန်လည်ခေါ်ယူခဲ့သည့် စစ်မှုထမ်းသင်တန်းသား ၂၄၆ ဦး ပြန်လည် ရောက်ရှိလာကြောင်း ဖော်ပြထားသည့်အတွက် အမှတ်စဉ် (၁) သင်တန်းဆင်းတပ်သား ၅,၁၅၅ ဦးရှိသည့်အတွက် ကျန်လူငယ် ၄,၉၀၀ ကျော်မှာ စာရင်းပျောက်ဆုံးနေသည်ကို တွေ့ရသည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း၌ပင် လူငယ်အများစုကို စစ်ကော်မရှင်က အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေရာ ပြီးခဲ့သည့် မတ်လတွင် ၉၉ ‌ဦးအထိ မတရားဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မြို့နယ် ၁၄ ခုမှ ပြည်သူ ၉၉ ဦးကို စစ်ကော်မရှင်က အကြမ်းဖက်ဖမ်းဆီးခဲ့ရာ ၄၂ ဦးကို အကြောင်း အမျိုးမျိုးဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီး ၁၄ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းနှင့် အချုပ်ဆောင် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့သည်ဟု Rangoon Scout Network ထံမှ သိရသည်။

ဓာတ်ပုံ-စုဆောင်းခံရသည့် ပြည်သူ့စစ်မှုထမ်းများ