နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သမ္မတနေရာကို အဓမ္မရယူပြီးနောက် ၎င်းဦး ဆောင်မည့် အမည်ခံအစိုးရအဖွဲ့အတွက် သမ္မတရုံးဝန်ကြီးဌာန နှစ် ခုအပါအဝင် ဝန်ကြီးဌာန ၃၁ ခုဖြင့် ပြန်လည်ဖွဲ့စည်းရန် ရွေးတု လွှတ်တော်တွင် အဆိုပြု တင်သွင်းခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်၏ ယခုပြင်ဆင်မှုသည် အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်း သုံးကြိမ်မြောက် ဝန်ကြီး ဌာနများကို ပြောင်းလဲဖွဲ့စည်းခြင်းလည်း ဖြစ်သည်။
ယနေ့ ဧပြီ ၆ ရက်တွင် ပြုလုပ်သည့် စစ်ကော်မရှင်၏ အမည်ခံ ပြည်ထောင်စုလွှတ်တော်၌ စစ်ခေါင်း ဆောင်က ဝန်ကြီးဌာန ၃၁ ခုနှင့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး ခန့်အပ်ရန် အဆိုပြု တင်ပြခဲ့ခြင်းဖြစ်သည်။
“သမ္မတရုံး (ပြည်ထောင်စုဝန်ကြီး) က မူဝါဒရေးရာနဲ့ ပိုသက်ဆိုင်နိုင်ပြီး၊ သမ္မတရုံး ဝန်ကြီးဌာနကတော့ Protocol (သံခင်းတမန်ခင်း ကျင့်ဝတ်) နဲ့ ပွဲလမ်းသဘင် စီစဉ်တာမျိုးတွေအတွက် သီးသန့်ခွဲလိုက်တာ ဖြစ်နိုင်ပါတယ်” ဟု မြန်မာ့စစ်ရေး၊ နိုင်ငံရေး အကဲခတ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယခုတစ်ကြိမ် ဖွဲ့စည်းမှုတွင် ထူးခြားချက်အနေဖြင့် အမျိုးသမီး ရေးရာဝန်ကြီးဌာန နှင့် လူငယ်ရေးရာဝန်ကြီးဌာန ဟူ၍ သီးခြားစီ ထည့်သွင်းလာသည်။
ထိုသို့ထည့်သွင်းလာခြင်းသည် အာဏာသိမ်းကာလအတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး နိုင်ငံတကာ မျက်နှာစာတွင် လိင်နှင့် လူငယ်အရေးကို အလေးပေးသယောင် ဟန်ပြလိုခြင်းဖြစ်နိုင်ကြောင်း အဆိုပါ အကဲခတ်က ဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက် ၂၀၂၁ မှ ၂၀၂၅ အထိဝန်ကြီးချုပ်အဖြစ် ဦးဆောင်ခဲ့ပြီး ဝန်ကြီးဌာန ၃၃ ခု ထားရှိခဲ့သည်။ ထိုစဉ်က စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန လေး ခုအထိ ဖွဲ့စည်းခဲ့သည်။
ထို့နောက် စစ်ခေါင်းဆောင်သည် ၂၀၂၅ ဇူလိုင်မှ ၂၀၂၆ ဧပြီ အထိ ၎င်း၏ လူယုံတော် ဦးညိုစောအား ဝန်ကြီးချုပ်အဖြစ် အမည်ခံတင်မြှောက်ခဲ့သော်လည်း ဝန်ကြီးဌာန ၃၃ ခုဖြင့်သာ ဆက်လက် လည်ပတ်ခဲ့သည်။
စစ်ခေါင်းဆောင်သည် ယခု ၂၀၂၆ ဧပြီတွင် ကိုယ်တိုင် သမ္မတအဖြစ် နေရာယူကာ ဝန်ကြီးဌာန ၃၁ ခုဖြင့် ပြန်လည်ဖွဲ့စည်းလာခြင်းဖြစ်သည်။ အဆိုပါ ဝန်ကြီးဌာနများတွင် သမ္မတရုံးဝန်ကြီးဌာနကို နှစ် ခု ခွဲထုတ်ခဲ့ပြီး အမျိုးသမီးနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနများကို သီးသန့်တိုးချဲ့ခဲ့သည်။
စစ်ခေါင်းဆောင်သည် ၎င်းအာဏာ တည်မြဲစေရေးအတွက် စစ်ဖိနပ်စီးထားသော အရပ်သားအစိုးရ ပုံစံ ပေါ်လွင်အောင် အကြိမ်ကြိမ် ပြောင်းလဲနေသော်လည်း စစ်ဘက်ရာထူးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး ရာထူးကိုမူ ယနေ့တိုင် ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း နိုင်ငံရေး အကဲခပ်များက ထောက်ပြသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဖွဲ့စည်းလိုက်သည် ဝန်ကြီးဌာန (၃၁) ခုမှာ – ၁။ ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံး၊ ၂။ အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ၃။ သမ္မတရုံးဝန်ကြီးဌာန၊ ၄။ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ၅။ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ ၆။ ကာကွယ်ရေးဝန်ကြီးဌာန၊ ၇။ ပြည်ထဲရေးဝန်ကြီးဌာန၊ ၈။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ၉။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ၁၀။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၁၁။ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၊ ၁၂။ ဥပဒေရေးရာဝန်ကြီးဌာန၊ ၁၃။ ပညာရေးဝန်ကြီးဌာန၊ ၁၄။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ၁၅။ ကျန်းမာရေးဝန်ကြီးဌာန၊ ၁၆။ အမျိုးသမီးရေးရာဝန်ကြီးဌာန၊ ၁၇။ ပြန်ကြား ရေးဝန်ကြီးဌာန ၁၈။ သာသနာရေးဝန်ကြီးဌာန၊ ၁၉။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ၂၀။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ၂၁။ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၂၂။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ၂၃။ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ၂၄။ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၂၅။ အလုပ်သမားဝန်ကြီးဌာန၊ ၂၆။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ၂၇။ အားကစားရေးရာဝန်ကြီးဌာန၊ ၂၈။ လူငယ်ရေးရာဝန်ကြီးဌာန၊ ၂၉။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ၃၀။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ၃၁။ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ဖြစ်သည်။