‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၆ ရက်

 

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းအတွင်းမှ ထွက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းများကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့က တပ်ပျက်သည်အထိ တိုက်ခိုက်ထားကြောင်း သိရသည်။

ရေကြည်မြို့နယ်၊ ဂွ-ငသိုင်းချောင်းလမ်းပေါ်ရှိ မြောက်စမ်းကျေးရွာ အခြေစိုက် အမြောက်တပ်အနီးမှ AA သိမ်းပိုက်ထားသည့် နယ်မြေအချို့ကို စစ်ကော်မရှင်က လေကြောင်းပစ်ကူယူကာ ပြန်လည်ထိုးစစ် ဆင်လာသဖြင့် ပြီးခဲ့သည့် မတ်လမှစတင်ကာ ယခု ဧပြီလ ပထမပတ်အထိ တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

 

အမြောက်တပ်ရင်းအတွင်းမှ ထွက်လာသည့် စစ်ကြောင်းများသည် သီတာကုန်းပြင်၊ စက်စက်ယိုနှင့် နဂါးရစ်တောင်ကြောတစ်ဝိုက်သို့ ဖြန့်ခွဲစစ်ကြောင်းထိုးရန် ကြိုးပမ်းခဲ့သော်လည်း တိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ အထိနာနေလျက်ရှိကြောင်း သိရသည်။


‎”စစ်တပ်က တန်ပြန်ထိုးစစ်ဆိုပြီး စစ်ကြောင်းတွေ ခွဲထွက်တာမှာ အကုန်နီးပါး တိုက်ခိုက်ခံနေရတယ်လို့ သတင်းကြားရတယ်။ စစ်ကူပို့တဲ့ကားတွေ အပြန်ဆိုရင် သေဆုံးသူတွေရော၊ ဒဏ်ရာပြင်းထန်တဲ့သူတွေ ကိုရော စစ်တပ်က ပြန်ကောက်တင်သွားရတယ်”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အဆိုပါ အမြောက်တပ်အတွင်းသို့ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်ရင်းများ၊ ကျုံပျော်အခြေစိုက် ခလရ-၃၆ နှင့် တပ်မ(၆၆) လက်အောက်ခံ တပ်ဖွဲ့များကို အလုံးအရင်းနှင့် ပို့ဆောင်ထားပြီး ပြန်လည်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

 

AA ကလည်း အမြောက်တပ်အနီးကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး ထွက်လာသမျှ စစ်ကြောင်းများကို တပ်ပျက်ထွက်ပြေးရသည်အထိ တိုက်ခိုက်ထားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

 

စစ်ကော်မရှင်သည် အမြောက်တပ်နှင့် လေးမျက်နှာမြို့နယ်ဘက်ရှိ တိုက်ပွဲများအတွက် နေ့စဉ်နီးပါး စစ်ကူအင်အားများ ပို့ဆောင်နေပြီး စစ်ကား ငါး စီးထက်မနည်းပါဝင်သည့် စစ်ယာဉ်တန်းများ အသွားအလာ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ-AA တပ်ဖွဲ့ဝင်များ