ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူသတ်မှတ်ထားတဲ့ အင်္ဂါနေ့မှာ ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပေးရင် အီရန်နိုင်ငံထဲက တံတားတွေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေလိုမျိုး အရပ်ဘက် အခြေခံအဆောက်အအုံတွေကိုပါ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
ဒေါ်နယ်ထရမ့်က ဒီခြိမ်းခြောက်မှုကို တနင်္ဂနွေနေ့မှာ သူ့ရဲ့လူမှုကွန်ရက်ကနေတစ်ဆင့် ရေးသား ခဲ့တာပါ။ အီရန်နိုင်ငံရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို အပြင်းအထန် ချေမှုန်းတိုက်ခိုက်မယ် ဆိုတဲ့ အရင်က ခြိမ်းခြောက်မှုတွေကိုလည်း သူက ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။
“လာမယ့် အင်္ဂါနေ့ဟာ အီရန်နိုင်ငံအတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ တံတားတွေ အ ဖျက်ဆီးခံရမယ့်နေ့ပဲ။ မင်းတို့ အဲဒီရေလက်ကြားကို အခုချက်ချင်းဖွင့်၊ မဖွင့်ရင်တော့ ငရဲမှာ နေရသလိုမျိုး ဖြစ်သွားစေရမယ်၊ စောင့်ကြည့်နေလိုက်” လို့ သူက ဆိုပါတယ်။
မတ်လ ၂၆ ရက်နေ့တုန်းက ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွက် အလွန်အရေးပါတဲ့ ဟော်မုဇ်ရေ လက်ကြားကို ပြန်ဖွင့်ပေးဖို့ ဒေါ်နယ်ထရမ့်က အီရန်ကို ၁၀ ရက် အချိန်ပေးခဲ့ပါသေးတယ်။ အဲဒီရေလက် ကြားဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ အမေရိကန်နဲ့အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ကတည်းက သင်္ဘောအသွားအလာတွေ လုံးဝ ရပ်တန့်နေခဲ့တာပါ။
ဒေါ်နယ်ထရမ့်က Fox News နဲ့ အင်တာဗျူးမှာ လက်ရှိ အီရန်နဲ့ အမေရိကန်တို့ ဆွေးနွေးမှုတွေ လုပ်နေကြပြီဖြစ်လို့ သတ်မှတ်ရက်မတိုင်ခင် သဘောတူညီမှုတစ်ခု ရနိုင်လိမ့်မယ်လို့ သူယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်တာဝန်ရှိသူတွေက ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အ ခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရရင်လက်တုံ့ပြန်သွားမယ်လို့ ကတိပေးထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ်အဖွဲ့ကလည်း အခုဆိုရင် အမေရိကန်သမ္မတဟာ အီရန် ပြည်သူတွေ ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေကို ဖျက်ဆီးပစ်မယ်လို့ ဗြောင်ကျ ကျ ခြိမ်းခြောက်နေပြီလို့ တုံ့ပြန်ခဲ့ပြီး ဒီလိုမျိုး စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို တားဆီးဖို့ နိုင်ငံတ ကာအသိုင်းအဝိုင်းမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
အီရန်သမ္မတရုံး ဆက်သွယ်ရေးတာဝန်ခံ စယက်ဒ်မယ်ဒီတာဘာတာဘာအီက ဟော်မုဇ်ရေလက် ကြားကို ပြန်ဖွင့်ပေးဖို့ဆိုရင် စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေအတွက် နစ်နာကြေးအရင်ပေးရမယ် လို့ ပြောဆိုလိုက်ပါတယ်။
ကိုးကား – Aljazeera
Ref; Trump threatens ‘hell’ for Iran over Hormuz Strait as deadline approaches