ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်

ဦးသိန်းစိန်အစိုးရလက်ထက်တွင် မတရားမြေသိမ်းမှုများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ စစ်ဆေးမှုများကြောင့် ရာထူးမှနုတ်ထွက်ခဲ့ရသူ တိုင်းအတွင်းရေးမှူးဟောင်း ဦးအေးကျော်သည် ယခုအခါ ဧရာဝတီတိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် စစ်ခေါင်းဆောင်က ပြန်လည် ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဦးအေးကျော်သည် ဝန်ကြီးချုပ် ဦးသိန်းအောင်လက်ထက်တွင် “တိုင်းမင်းကြီး” ဟု ခေါ်ဆိုကြသည့် တိုင်းအစိုးရအတွင်းရေးမှူး တာဝန်ယူစဉ်ကတည်းက အာဏာအလွဲသုံးစားလုပ်မှုများကြောင့် နာမည်ကျော်ခဲ့သူဖြစ်သည်။ မတရားမြေသိမ်းမှုကို တိုင်ကြားခံရပြီးနောက် နှုတ်ထွက်သည်ဟုဆိုကာ အနားပေးခံခဲ့ရသူလည်း ဖြစ်သည်။

“၁၄ မျဉ်းစောင်းတွေကတော့ ကျောကော့အောင် ခံရဦးမယ်” ဟု ပုသိမ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို မှတ်ချက်ပြုသည်။

ကြံ့ခိုင်ရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၏ လူယုံတစ်ဦးဖြစ်ခဲ့ပြီး ဂေါ်ရန်ဂျီဒေသအပါအဝင် မြေယာအချို့ကို သိမ်းယူခဲ့သူဖြစ်သည်။

ထို့အပြင် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်သည် NLD အစိုးရကို အာဏာလွှဲသည့်အခါ ဧရာဝတီတိုင်း၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၅ ဒဿမ ၂ ဘီလျံကျော်ကို ၎င်းတို့စိတ်ကြိုက်ဖွဲ့စည်းထားသည့် “ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း” ပြောင်းရွှေ့ကာ အလွဲသုံးရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်တွင်လည်း ဦးအေးကျော်ပါဝင်ပတ်သက်ခဲ့ကြောင်း ပြောဆိုမှုများရှိသည်။

စစ်ခေါင်းဆောင်အနေဖြင့် အာဏာသိမ်းတိုင်းစစ်ကော်မရှင်၏ ဝန်ကြီးချုပ်ဖြစ်သည့် စစ်ဗိုလ်ချုပ်ဟောင်း ဦးတင်မောင်ဝင်းကို ပြန်လည်မရွေးချယ်ပဲ ဦးအေးကျော်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဦးအေးကျော်သည် စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ဆင်းဟုရေးသားပြောဆိုမှူများရှိပြီး ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။