ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဧပြီ ၅ ရက်)

ပူအိုက်လွန်းတဲ့ ‌နွေခေါင်ခေါင်ကာလမှာ “တူးပို့ တူးပို့” သင်္ကြန်သီချင်းသံတွေ လေထဲ ပျံ့လွင့်လာသလို မွန်းကျပ်မှုတွေလျှော့ကျစေမယ့် မြန်မာ့ရိုးရာ အတာ‌ရေသဘင်ပွဲ ဆင်နွှဲဖို့လည်း ပြင်ဆင်နေကြပါပြီ။

သင်္ကြန်ပွဲတော်ဆိုတာ တစ်နှစ်တာရဲ့ အပူပြင်းဆုံးအချိန်မှာ အေးမြသွားအောင် ရည်ရွယ်ချက်နဲ့ ‌ရေကစား ကြတာပါ။ ဒါပေမဲ့ နွေရာသီရဲ့ အပူဆုံးအချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ရေကစားကြ မယ့်သူတွေအနေနဲ့ ပျော်ရွှင်မှုနောက်မှာ ကျန်းမာရေး ထိခိုက်မှုမရှိအောင် သတိပြုဖို့ လိုပါလိမ့်မယ်။

သင်္ကြန်ကာလမှာ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို သိထားမှသာ သတိပြု ကာကွယ်နိုင်မှာမို့ ဆင်ခြင်နိုင်အောင် သတိပေးပြောပြချင်ပါတယ်။ အဓိကကတော့ ပြင်းထန်တဲ့ နေရောင်ခြည် (ခရမ်းလွန် ရောင်ခြည်) နဲ့ မသန့်ရှင်းတဲ့ ရေတွေကြောင့် အရေပြားနဲ့ မျက်စိ ထိခိုက်တာတွေက အဖြစ်များဆုံးပါပဲ။

ဦးဆုံးအနေနဲ့ အရေပြား ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး ဘာတွေသတိထားသင့်လဲ ဆိုတာ ပြောပြချင်ပါတယ်။

🟥နေလောင်ခြင်း(Sunburn)

နေပူထဲမှာ အချိန်ကြာကြီး ရေစိုလိုက်၊ ခြောက်လိုက် ဖြစ်နေရင် အရေပြားက အလွယ်တကူ လောင်ကျွမ်းသွားတတ်ပါတယ်။ အသားတွေ နီရဲလာမယ်၊ စပ်ဖျဉ်းဖျဉ်း ဖြစ်မယ်၊ နောက်ပိုင်းမှာ အရေပြားတွေ ကွာကျလာအထိ ဖြစ်တတ်ပါတယ်။

ဒါတွေကို ကာကွယ်ဖို့အတွက် အပြင်မထွက်ခင် အနည်းဆုံး မိနစ် ၂၀ ကြိုပြီး SPF 50+ ပါတဲ့ နေရောင် ကာခရင်မ် Sunscreen ကို လိမ်းထားပါ။ ရေကစားနေတုန်းမှာလည်း ၂ နာရီခြားတစ်ခါလောက် ပြန်လိမ်းပေးဖို့ လိုပါတယ်။ လက်ရှည်၊ ဘောင်းဘီရှည် ဝတ်တာတွေအပြင် ဦးထုပ် ၊ ပုဝါ ၊ စတာတွေ ကလည်း နေရောင်ခြည် တိုက်ရိုက် မထိအောင် ကာကွယ်ပေးနိုင်ပါတယ်။

🟥အရေပြားယားယံခြင်းနှင့် မှိုစွဲခြင်း

မသန့်ရှင်းတဲ့ ရေတွေမှာပါတဲ့ ပိုးမွှားတွေကြောင့်ရော၊ ရေစိုအဝတ်အစားတွေကို အကြာကြီး ဝတ်ထား တာကြောင့်ပါ ယားနာ၊ ပွေး၊ ညှင်းနဲ့ တခြား အရေပြားပိုး‌တွေ ကူးစက်ပေါက်ဖွားတာ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အကြံပေးချင်တာက ရေကစားပြီး ပြန်လာရင် သန့်ရှင်းတဲ့ရေနဲ့ ချက်ချင်း ရေချိုးလိုက်ပါ။ ရေစိုအဝတ်အစားတွေကို အကြာကြီး ဝတ်မထားပါနဲ့။ အထူးသဖြင့် အတွင်းခံတွေ စိုနေရင် အရေပြားမှာ ပိုးဝင်တတ်လို့ ခြောက်ခြောက်သွေ့သွေ့ နေဖို့က အရေးကြီးဆုံးပါပဲ။

အရေပြား ကျန်းမာရေး ပတ်သတ်ပြီး ပြောပြပြီးတဲ့အခါ မျက်စိ ကျန်းမာရေးကိုရော ဘယ်လို စောင့်ရှောက် နိုင်မလဲ ဆိုကိုပါ ပြောပြပေးပါမယ်။

🟥မျက်စိနာခြင်း (Conjunctivitis)

မျက်စိနာတာကလည်း သင်္ကြန်မှာ အဖြစ်အများဆုံးပါပဲ။ ရေမသန့်တာ၊ ဖုန်ဝင်တာနဲ့ ရေထဲမှာပါတဲ့ ဗိုင်းရပ်စ်တွေကြောင့် မျက်စိနီတာ၊ ယားတာတွေနဲ့ မျက်ဝတ်ထွက်ခြင်းတွေ ဖြစ်တတ်ပါတယ်။

ကာကွယ်ဖို့အတွက်ကတော့ ရေပြင်းပြင်းနဲ့ အပက်ခံရတာမျိုးကို ရှောင်ပါ။ မျက်စိကို လက်နဲ့ လုံးဝ မပွတ်ပါနဲ့။ နေကာမျက်မှန် (Sunglasses) တပ်ထားရင်တော့ နေရောင်ကိုရော၊ ရေတိုက်ရိုက် ဝင်တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

🟥မျက်ကြည်လွှာထိခိုက်ခြင်း

ရေသေနတ်နဲ့ အနီးကပ် အပစ်ခံရတာ၊ ရေအရှိန်ပြင်းပြင်းနဲ့ ပက်ခံရတာတွေကြောင့် မျက်ကြည်လွှာ စုတ်ပြဲဒဏ်ရာရတာမျိုး ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ရေသေနတ်တွေနဲ့ မျက်နှာကိုချိန်ပြီး မပစ်ကြဖို့ တောင်းဆိုချင်ပါတယ်။ အကယ်၍ မျက်စိထဲ ညစ်ပတ်တဲ့ရေ ဝင်သွားရင် သန့်ရှင်းတဲ့ရေ (သောက်ရေသန့်) နဲ့ ညင်သာစွာ ဆေးကြောပေးပါ။

သင်္ကြန်ကာလမှာ အထွေထွေ ကျန်းမာရေးအတွက် သတိပြုဆင်ခြင်နိုင်ဖို့ မှာချင်တာလေးတွေလည်း ရှိနေပါသေးတယ်။

မဟာသင်္ကြန်ကာလဟာ နှစ်တစ်နှစ်ရဲ့ အပူဆုံးအချိန်ပါ။ ရေကစားသူတွေတင်မကဘဲ တရားစခန်းဝင် သူတွေ၊ သာသနာ့ဘောင်ဝင်ပြီး ကောင်းမှုကုသိုလ်ရှာဖွေကြသူတွေ၊ ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်သီလစောင့်တည်ကြသူတွေ အားလုံးလည်း အပူရှိန်ကြောင့်ဖြစ်တဲ့ ဘေးတွေကို အန္တရာယ်ကင်းကင်း ကျော်ဖြတ်နိုင်စေဖို့ ဆု တောင်းပေးပါတယ်။

မွန်းတည့်ချိန်မှစပြီး သစ်ရိပ်ဝါးရိပ် အရိပ်ရနေရာများ၊ ကျောင်းကန်ဇရပ် အဆောက်အအုံကြီးများ၊ ရေကစား မဏ္ဍပ်အရိပ်အောက်များမှာ အပူရှောင်ပါ။ နေပူထဲမှာ တစ်နေကုန် ဆက်တိုက် ရေမကစားဘဲ အရိပ်ထဲမှာ ခဏခဏ အနားယူပေးပါ။

ရေဓာတ်မခမ်းခြောက်အောင် ရေများများ သောက်ပေးပါ။ အပူရှိန်ကြောင့် ကျန်းမာရေးပြဿနာကို ပိုဆိုးစေတဲ့ အရက်ယမကာ သောက်စားတာကိုလည်း အသိဉာဏ်နဲ့ ထိန်းသိမ်းကြဖို့ ထပ်လောင်း အသိပေးပါရစေ။ အစားအသောက်တွေမှာလည်း အစာအဆိပ်သင့်တာ၊ ဝမ်းလျှောတာတွေ မဖြစ်အောင် အမြဲသတိထားပါ။ သင်္ကြန်မုန့်တွေမှာပါတဲ့ ဆိုးဆေးတွေကလည်း သင့်ကျန်းမာရေးကို ထိခိုက်နိုင်တယ် ဆိုတာ တွေးထားစေချင်ပါတယ်။

အတာသင်္ကြန်မှာ ပျော်ရွှင်စွာ ရေကစားရင်း မိမိရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြပါ။ အကယ်၍ အပူဒဏ်ကြောင့် သတိလစ်တာ၊ အရေပြားလောင်တာ၊ မျက်စိထိခိုက်တာတွေ ပြင်းထန်ရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားပြီး စနစ်တကျ ကုသမှု ခံယူကြပါလို့ တိုက်တွန်း လိုက်ရပါတယ်။

နောက်တစ်ပတ်မှာတော့ “အပူရှိန်ကြောင့် သင့်ခန္ဓာကိုယ် ကျန်းမာရေး ထိခိုက်ခဲ့သော်” ဆိုတဲ့ အကြောင်းအရာကို ဆက်လက် ပြောပြပေးသွားပါဦးမယ်။ စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာ စွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေး အသိ ပညာပေးအစီ အစဉ်)ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာ ရေး အသိပညာများ ရယူနိုင် ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)