ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် လူငယ်အများစုကို စစ်ကော်မရှင်က အကြမ်းဖက် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေရာ ပြီးခဲ့သည့် မတ်လတစ်လအတွင်း၌ပင် ၉၉ ဦးအထိ မတရားဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
စစ်ကော်မရှင်သည် ရန်ကုန်မြို့နယ် ၁၄ ခုမှ ပြည်သူ ၉၉ ဦးကို အကြမ်းဖက်ဖမ်းဆီး၍ ၄၂ ဦးကို အကြောင်းအမျိုးမျိုးဖြင့် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ၁၄ ဦးကိုမူ စစ်မှုထမ်းသင်တန်းကျောင်း များနှင့် အချုပ်ထောင်များသို့ ပို့ဆောင်ခဲ့ကြောင်း Rangoon Scout Network (RSN) ၏ ထုတ်ပြန် ချက်အရ သိရသည်။
ဖမ်းဆီးခံရသူများအနက် သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၁၁ ဦး၊ အကြောင်းရင်းမရှိဘဲ လမ်းပေါ်သွားလာနေစဉ်နှင့် လမ်းဘေးထိုင်နေစဉ် ဆွဲခေါ်ဖမ်းဆီးခံရသူ ၄၈ ဦးအထိ ရှိခဲ့သည်။ ထို့ပြင် ဧည့်စာရင်းစစ်ဆေးရာမှတစ်ဆင့် ဖမ်းဆီးငွေညှစ်ခံရသူ ၃၅ ဦးနှင့် အများပြည်သူသုံး ယာဉ်လိုင်းများ ပေါ်မှ ဆွဲချဖမ်းဆီးခံရသူများလည်း ရှိခဲ့ကြောင်း သိရသည်။
မတ်လအတွင်း၌ပင် “အလုပ်ရှိသည်” ဟု လိမ်လည်မျှားခေါ်ကာ ဖမ်းဆီးခံရသူ လေး ဦးရှိခဲ့သလို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ရာနယ်မြေတွင် သွားရောက်ဖျော်ဖြေသည်ဟုဆိုကာ အဆိုတော် လမင်းကဗျာ (ခ) DJ Moon ကိုလည်း စစ်ကော်မရှင်က ဖမ်းဆီးစစ်ဆေးခဲ့သည်။
စစ်မှုထမ်းရန် အဓမ္မစုဆောင်းခံရသူများထဲတွင် စကိတ်စီးလက်ရွေးစင်ဖြစ်ရန် ကြိုးစားနေသည့် လူငယ်တစ်ဦးဖြစ်သူ ကိုဝါဆိုမှာ ပေါ်တာဆွဲခံရပြီး စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံခဲ့ရသည်။ ထို့ပြင် ဒညင်းကုန်း စစ်မှု ထမ်းစုဆောင်းရေးစခန်းမှ ထွက်ပြေးရန် ကြိုးပမ်းသည့် လူငယ်တစ်ဦးမှာလည်း စစ်ကော်မရှင်၏ ရိုက်နှက်နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။
စစ်ကော်မရှင်သည် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) ကို မတ်လ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်မှ ဖမ်းဆီးခေါ်ဆောင်သွားသူ ၃၀ ဦးအနက် ၁၃ ဦးကို စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်လိုက်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ကျန်ရှိသူများ၏ နောက်ဆက်တွဲအခြေအနေကိုမူ သိရှိရခြင်း မရှိသေးပေ။
ပုံစာ- ရန်ကုန်တိုင်း စစ်လေ့ကျင့်ရေးကျောင်းတွင်ပြုလုပ်သည့် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) ကိုတွေ့ရစဉ်။