‎ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်

အရပ်လေးမျက်နှာလုံးတွင် အာရက္ခတပ်တော် (AA) ၏ ပိတ်ဆို့စောင့်ကြည့်ခြင်းကို ခံနေရသည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့အစွန်ရှိ တပ်ရင်းများမှ လက်နက်ခဲယမ်းများကို စစ်ကော်မရှင်က အရေးပေါ် ပြောင်းရွှေ့မှုများ ပြုလုပ်နေကြောင်း သိရသည်။

စစ်တွေမြို့၏ အရှေ့ဘက် ကံ့ကော်ကျွန်း၊ အနောက်ဘက် ရေချမ်းပြင်၊ တောင်ဘက် ရွှေမင်းဂံနှင့် မြောက်ဘက် အမြင့်ကျွန်းတစ်ဖက်ကမ်းတို့ကို AA က ပိတ်ဆို့စောင့်ကြည့်ကာ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ထားနိုင်သည့် အတွက် စစ်ကော်မရှင်က ယခုကဲ့သို့ စီစဉ်လာခြင်းဖြစ်သည်။

အထူးသဖြင့် စစ်ကော်မရှင်၏ အဓိကကျသည့် လက်နက်ခဲယမ်းထိန်းတပ်သည် မြောက်ဘက်အစွန်ဆုံး ပါရမီရင်းစု၊ ပြည်ထောင်စုကားလမ်းမကြီးဘေးရှိ ကြွီတဲနှင့် ငတောက်တဲ့လမ်းဆုံတွင် တည်ရှိသည်။ အဆိုပါနေရာသည် စစ်ရေးအရ အားပျော့သည့်အနေအထားတွင် ရှိနေသဖြင့် တပ်ရင်းအတွင်းရှိ လက်နက်၊ ခဲယမ်းနှင့် ဗုံးသီးများကို အရေးပေါ် ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

‎”ပါရမီရင်းစုဟာ ဒကစအခြေစိုက်ရာ သက္ကယ်ပြင်နဲ့ နာရီကန်၊ ကျောက်တန်းဆိုတဲ့ တံတားနှစ်စင်းပဲခြားတယ်။ တံတားနှစ်စင်းကို ထိန်းချုပ်ခံလိုက်ရရင် တပ်ရင်းလေးခုလောက်ကို စစ်ကူပို့ဖို့က ပါဒလိတ်မြစ်ဆိပ်လောက်ပဲကျန်မယ်။ လက်နက်ခဲယမ်းနဲ့စစ်သားဆို ရုပ်ဝတ္တုကိုသာ ရွေးချယ်တန်ဖိုးထားလေ့ရှိတဲ့ စစ်ဗိုလ်ချုပ်တသိုက်ဟာ လက်နက်ခဲယမ်းတွေကို စတင်ပြောင်းရွှေ့ထားပြီး ဖြစ်ပါတယ်” ဟု CDMဗိုလ်ကြီးဇင်ယော်က ပြောသည်။

‎ခမရ ၃၄၄၊ ခလရ ၂၃၂၊ ပညရ ၁၀၊ စနခ ၃၄၃တို့မှာ ပါဒလိတ်တပ်ရင်းများကို AA တိုက်ခိုက်လာပါက စစ်ကူပို့ရန်ခက်ခဲနိုင်သည့်အတွက် စစ်ကော်မရှင်က စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၃၄၃ရှိ လက်နက်၊ ခဲယမ်း ၊ဗုံးသီး၊ ကျည်ဆံနှင့် ဆက်စပ်ပစ္စည်းမှန်သမျှကို အထက (၆) အတွင်းကို ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

လက်နက်များ ပြောင်းရွှေ့ထားသည့် အထက (၆) မှာ စစ်တွေဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အနီးတွင် တည်ရှိပြီး ယင်းနေရာ၌ ကွန်မန်ဒိုတပ်ခွဲများကိုပါ အထူးစောင့်ကြပ်ခိုင်းထားသည်။ လက်ရှိတွင် စစ်တွေ ဒကစ၊ ခလရ-၂၀ နှင့် ဆက်သွယ်ရေးတပ်ရင်းများ၌ အင်အားတိုးချထားပြီး တိုင်းမှူးကိုယ်တိုင် ဦးစီးကာ ခံစစ်ပြင်ဆင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့ပြင် ရဲတပ်ရင်း (၁၂) နှင့် ရဲတပ်ရင်း (၃၆) အနီးရှိ မူဆလင်ကျေးရွာ ၂၀ ခန့်ကိုလည်း စစ်တိုင်းမှူး၏ အမိန့်ဖြင့် အတင်းအကျပ် ပြောင်းရွှေ့ခိုင်းထားပြီး နေအိမ်များကို စတင်ဖြိုဖျက်နေပြီဖြစ်ကြောင်း သိရသည်။

ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ(ပုံဟောင်း)