ဆိုင်ကယ်စီးခွင့်မရှိသော်လည်း ပြောက်ကျားဝတ်စုံဝတ်ကာ ဆိုင်ကယ်ဖြင့် ဓားပြတိုက်ခြင်းဖြစ်
ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန် (၁) ရှိ အာရှနဂါး အထည်ချုပ်စက်ရုံတွင် လစာထုတ်ရက်၌ သေနတ်ကိုင်ဆောင်ထားသူများ ဝင်ရောက်ဓားပြတိုက်ခဲ့သဖြင့် အလုပ်သမားလစာငွေ ကျပ်သိန်း ၃၀၀၀ ခန့် ပါရှိသွားကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကနောင်မင်းသားလမ်းရှိ အဆိုပါစက်ရုံအတွင်းသို့ ယမန်နေ့ ဧပြီ ၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ပြောက်ကျားစစ်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦး သေနတ်ကိုင်ဆောင်ကာ ဝင်ရောက်လာပြီး အလုပ်သမားများအား ပေးချေမည့် လစာငွေများကို ဓားပြတိုက် ယူဆောင်သွားခြင်း ဖြစ်ကြောင်း စက်ရုံနှင့် နီးစပ်သူများထံမှ သိရသည်။

“ဝန်ထမ်းကို သေနတ်နဲ့ထောက်ပြီး ရုံးခန်းထဲတင် ပိုက်ဆံတွေ အကုန်ယူသွားတာ။ ပြီးတော့ ဆိုင်ကယ် နဲ့ပဲ မောင်းထွက်သွားကြတယ်။ အခုက ရန်ကုန်တစ်မြို့လုံး ဆိုင်ကယ်စီးခွင့် ပိတ်ထားတဲ့ အချိန်မှာ သူတို့က ဆိုင်ကယ်နဲ့ပဲ လွတ်အောင် ပြေးသွားကြတာ” ဟု စက်ရုံနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ အဆိုပါ အမျိုးသားနှစ်ဦးသည် စက်ရုံလုံခြုံရေး ဝန်ထမ်းကို သေနတ်ဖြင့်ချိန်ကာ စက်ရုံနောက်ပေါက်မှတစ်ဆင့် ရုံးခန်းအတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမား ၈၀၀ ကျော်အတွက် ပေးချေမည့် လစာငွေများကို ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ပြောက်ကျားစစ်ဝတ်စုံဝတ်ကာ နှာခေါင်းစည်း (Mask) တပ်ထားသည့် ၎င်းတို့နှစ်ဦးသည် ငွေကြေးများကို ယူဆောင်ပြီးနောက် ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ဓားပြတိုက်ခံရပြီးနောက် စက်ရုံအတွင်းသို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ရဲနှင့် စစ်သားများ ရောက်ရှိလာကာ အမျိုးသမီးအလုပ်သမားများကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသားဝန်ထမ်းများနှင့် စက်ရုံတာဝန်ရှိ သူများကိုမူ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။