ဧရာဝတီတိုင်းမ်
ဧပြီလ ၅ ရက်
အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံတွေကို အမေရိကန်နဲ့ အစ္စရေးတို့ ဆက်လက်တိုက်ခိုက်နေတာဟာ ဒေသတွင်းမှာ ရေဒီယိုသတ္တိကြွမှုတွေ ပျံ့နှံ့နိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချ်က စနေနေ့မှာ သတိပေးလိုက်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ လုံခြုံရေးကောင်စီဝင်တွေနဲ့ IAEA အကြီးအကဲဆီ ပေးပို့တဲ့စာထဲ မှာ ဒီလိုတိုက်ခိုက်မှုတွေဟာ ပတ်ဝန်းကျင်နဲ့ လူသားတွေအတွက် အလွန်အန္တရာယ်ကြီးကြောင်း ၎င်းက ဖော်ပြထားပါတယ်။
“ဒီလို တရားမဝင် တိုက်ခိုက်မှုတွေကြောင့် တစ်ဒေသလုံးမှာ ရေဒီယိုသတ္တိကြွမှု အန္တရာယ်တွေ ကြုံတွေ့နိုင်ပြီး လူသားကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့အတွက် လျစ် လျူရှုထားလို့ မရပါဘူး” လို့ သူက ဆိုပါတယ်။

အဘတ်စ်အာရက်ချ်က တိုက်ခိုက်ခံနေရတဲ့ ဘူရှာနျူကလီးယားစက်ရုံလို နေရာတွေဟာ IAEA ရဲ့ ကြီးကြပ်မှုအောက်မှာရှိပြီး ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက်ပဲ အသုံးပြုတာဖြစ်ကြောင်း ပြောပါတယ်။အမေရိကန်နဲ့ အစ္စရေးကိုလည်း လွန်ခဲ့တဲ့ ၉ လအတွင်း အီရန်ကို စစ်ရေးအရ နှစ်ကြိမ်တိုင်တိုင် ကျူးကျော်တိုက်ခိုက်ခဲ့တယ်လို့ သူက စွပ်စွဲပါတယ်။
ဒါ့အပြင် ဒီလိုမျိုး အကြိမ်ကြိမ် တိုက်ခိုက်နေတာကို နိုင်ငံတကာအဖွဲ့အစည်းတွေက ဘာမှ အရေး ယူဆောင်ရွက်မှု မရှိဘဲ လျစ်လျူရှုထားတာကိုလည်း ၎င်းက ဝေဖန်ခဲ့ပါတယ်။
ကုလသမဂ္ဂနဲ့ IAEA အဖွဲ့တွေက အခုလို တိုက်ခိုက်မှုတွေကို ပြတ်ပြတ်သားသား ရှုတ်ချခြင်း မရှိ တာဟာ အမေရိကန်နဲ့ အစ္စရေးကို ပိုပြီး မိုက်ရူးရဲဆန်လာစေတယ်လို့ အာရက်ချ်က ဆိုပါတယ်။ အဓိက စိုးရိမ်ရတဲ့အချက်ကတော့ အမေရိကန်အရာရှိတွေက ဘူရှာနျူကလီးယားစက်ရုံကိုပါ ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုလာတာပါပဲ။
“နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကိုတောင် မိုက်မဲမှုလို့ ခေါ်ဆိုနေ တဲ့ အမေရိကန် အဆင့်မြင့်အရာရှိတွေက နျူကလီးယားစက်ရုံတွေကိုပါ ပစ်မှတ်ထားမယ်လို့ ထုတ်ပြော လာကြတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က ဘူရှာစက်ရုံကို တိုက်ခိုက်ဖို့ ဖြစ်နိုင် ခြေမရှိတာမဟုတ်ဘူးလို့ လူသိရှင်ကြား ပြောဆိုလာပါပြီ” လို့ သူက စိုးရိမ်တကြီး ပြောပါတယ်။
ကိုးကား – Anadolu
Ref; Iran warns US-Israeli strikes on nuclear sites risk radioactive fallout across region