ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်

စစ်တပ်နှင့် အထူးသဟဇာတဖြစ်သည့် ခရိုနီစီးပွားရေးလုပ်ငန်းရှင် ဦးတေဇနှင့် သားဖြစ်သူ ကိုပြည့်ဖြိုး တေဇတို့အပါအဝင် ပို့ကုန်ရငွေ နိုင်ငံခြားငွေများ ပေးသွင်းခြင်းမရှိသည့် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ် ၂၈၇ ခုကို စစ်ကော်မရှင်က အမည်ပျက်စာရင်း (Blacklist) ကြေညာလိုက်ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ပို့ကုန်ရငွေအဖြစ် နိုင်ငံခြားငွေများ သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကို ယမန်နေ့ ဧပြီ ၄ ရက်နေ့မှစတင်ကာ နာမည်ပျက်စာရင်း ကြေညာလိုက်ခြင်းဖြစ်သည်။

“သတ်မှတ်ရက်အတွင်း ငွေသွင်းရင်တော့ အမည်ပျက်စာရင်းက ပယ်ဖျက်ပေးနိုင်တယ်။ မဟုတ်ရင်တော့ ဖမ်းဝရမ်းထုတ်မယ်။ တကယ်လို့ ထွက်ပြေးတိမ်းရှောင်ရင်တော့ ဝရမ်းပြေးအဖြစ် သတ်မှတ်ခံရမှာပါ” ဟု ဥပဒေပညာရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမည်ပျက်စာရင်း ကြေညာခံရသူများထဲတွင် ထူးကုမ္ပဏီ (Htoo Group) ၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာ တာဝန်ရှိသူများဖြစ်သည့် ဦးတေဇ၊ ကိုပြည့်ဖြိုးတေဇ၊ ဦးမိုးသက်တင်၊ ဦးသီဟနှင့် ဦးရာဇာထွေးတို့ ပါဝင်နေသည်။ နာမည်ပျက်စာရင်းဝင်သွားသူများသည် ပေးချေရမည့် ပို့ကုန်ရငွေများကို ဒေါ်လာငွေကြေးဖြင့် ပြန်လည်ပေးသွင်းရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဖမ်းဝရမ်းထုတ်ဆင့်ခံရမည် ဖြစ်သည်။

လက်ရှိတွင် စစ်ကော်မရှင်သည် နိုင်ငံ၏ နိုင်ငံခြားသုံးငွေကို ပို့ကုန်ရငွေဖြင့် အဓိကထိန်းချုပ်ထားပြီး အာရှနိုင်ငံများနှင့် အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ငွေသွင်းရမည့်ရက်ကို တိတိကျကျ သတ်မှတ်ထားသည်။ ယင်းကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈-ခ အရ ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

အမည်ပျက်စာရင်း ကြေညာခံရသူများသည် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံရမည်ဖြစ်ပြီး သတ်မှတ်ရက် အတွင်း ဘဏ်သို့ နိုင်ငံခြားငွေ ထည့်သွင်းခြင်းမပြုပါက ဖမ်းဝရမ်းထုတ် ဖမ်းဆီးခံရမည့်အပြင် ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

ပုံစာ-ဦးတေဇမိသားစု (ပုံဟောင်း)