ဧရာဝတီတိုင်းမ်
(ချင်း)၊ ဧပြီ ၅ ရက်

 

ချင်းပြည် (Chinland) အစိုးရ၊ ပြည်ထဲရေးဝန်ကြီး ပူးရမ်ချွမ်းမန်၊ တရားသူကြီးချုပ် ပူးဟဲန်ကျင်းနှင့် တရားရှေ့နေချုပ် ပူးတီလ်နှင်းတို့အဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်နေ့အထိ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Senthang) နှင့် ဆဲန်ထန်းဒေသန္တရအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အစိုးရ၏ မူဝါဒများကို ချပြရှင်းလင်း ခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ ကွင်းဆင်းတွေ့ဆုံခြင်းမှာ ချင်းပြည်အစိုးရနှင့် ဒေသန္တရအစိုးရအဖွဲ့များအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေရန်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မြို့နယ်နှင့် ဒေသအလိုက် ကျင့်သုံးရန် မသင့်တော်သေးသည့် ဥပဒေပုဒ်မများကို ဖော်ထုတ်ပြင်ဆင်သွားရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

“အချိတ်အဆက် အားကောင်းဖို့ဆိုရင် ကျွန်တော်တို့ချင်းချင်း ချင်းပြည်မှာ ဘာလုပ်ဖို့ ရည်ရွယ် ထားသလဲ၊ ဘယ်လိုဥပဒေတွေ ကျင့်သုံးနေသလဲဆိုတာ သိဖို့လိုပါတယ်။ အဲ့ဒီဥပဒေတွေကို သူတို့ဘက် က လက်ခံနိုင်မှု ရှိ၊ မရှိနဲ့ ဘယ်လိုနည်းနဲ့ ပြန်လည်သုံးသပ်ရမလဲဆိုတာတွေကို ညှိနှိုင်းဖို့ ရည်ရွယ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီး ပူးရမ်ချွမ်းမန်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် ချင်းပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဒေသန္တရအုပ်ချုပ်ရေးဥပဒေ၊ အသင်း အဖွဲ့မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ခြင်းဥပဒေတို့ကို ကျင့်သုံးနေကြောင်းသိရသည်။

ချင်းပြည်အစိုးရသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၈ ခုနှစ်၊ ဇန်နဝါရီလအထိ ဒေသန္တရအစိုးရများနှင့် အချိတ်အဆက်မိမိဖြင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်မှန်းထား ကြောင်း သိရသည်။

 

“ဒီလိုမျိုး ခရီးစဉ်တွေကို ဆက်သွားမှာပါ။ အတတ်နိုင်ဆုံး ဒေသန္တရအစိုးရအဖွဲ့တိုင်းဆီ ရောက်အောင် သွားမယ်။ တခြားဒေသန္တရအစိုးရတွေအနေနဲ့လည်း ကျွန်တော်တို့နဲ့ အမြဲတမ်း အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောကြားလိုပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးက ဆက်လက်ပြောဆိုသည်။

 

ယင်းခရီးစဉ်အတွင်း မြို့နယ်ဒေသအလိုက် ဒေသန္တရအစိုးရများ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက် မှုများ၊ လက်ရှိကျင့်သုံးနေသည့် ဥပဒေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီး ဌာနတွင် ကျင့်သုံးနေသော ဥပဒေများ၏ လိုအပ်ချက်များကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ-CJ
ပုံစာ-ပြည်ထဲရေးဝန်ကြီးအဖွဲ့နှင့် ဒေသန္တရအစိုးရအဖွဲ့တို့ တွေ့ဆုံစဉ်။