ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ သဘောတူညီချက်အသစ် တစ်ရပ်လုပ်ဖို့ ဒါမှ မဟုတ် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့အတွက် ၄၈ နာရီအတွင်း ဆုံးဖြတ်ရမယ်လို့ စနေနေ့မှာ ရာဇသံပေးလိုက်ပါတယ်။

“အီရန်ကို သဘောတူညီချက်လုပ်ဖို့ ဒါမှမဟုတ် ရေလက်ကြားကို ဖွင့်ပေးဖို့ ၁၀ ရက် အချိန်ပေးခဲ့ တာကို မှတ်မိကြမှာပါ။ အခုတော့ အချိန်က ကုန်ခါနီးနေပြီ၊ နောက်ထပ် ၄၈ နာရီအတွင်းမှာ သူတို့အပေါ် ငရဲမီးတွေ ကျရောက်လာတော့မယ်” လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။

မတ် ၂၆ ရက်နေ့မှာ အီရန်က စေတနာရှေ့ထားတဲ့အနေနဲ့ ပါကစ္စတန်အလံလွှင့်ထားတဲ့ ဆီတင် သင်္ဘော ၁၀ စီး ပို့ပေးခဲ့တာကြောင့် နျူကလီးယားဆွေးနွေးပွဲ နောက်ဆုံးသတ်မှတ်ရက်ကို ၁၀ ရက်အထိ ဒေါ်နယ်ထရမ့်က တိုးမြှင့်ပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့ရာ အီရန်အဓိပတိဟောင်း အလီခါမေနီ အပါအဝင် လူပေါင်း ၁,၃၄၀ ကျော် သေဆုံးခဲ့ရတာကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေတာပါ။

အီရန်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကိုရော၊ အမေရိကန်စစ်စခန်းတွေရှိတဲ့ ဂျော်ဒန်၊ အီရတ်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကိုပါ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အီရန်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ ဖြတ်သန်းသွားလာမှုကိုလည်း ကန့်သတ်ပိတ်ပင်ထားပါတယ်။

ကိုးကား – Anadolu
Ref; US President Donald Trump issues 48-hour ultimatum to Iran over Strait of Hormuz