နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်
မြန်မာနိုင်ငံ(မြောက်ပိုင်း)တွင် ညီနောင်မဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသော အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတ ရယူမှုကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA-မိုင်းလား)တို့က ဝမ်းမြောက်ဟု ဆိုသည်။
စစ်ခေါင်းဆောင်သည် ၎င်းကြိုတင် စီစဉ်ထားသည့်အတိုင်း ရွေးတုလွှတ်တော်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်မှတဆင့် ယမန်နေ့ ဧပြီ ၃ ရက်တွင် သမ္မတနေရာ ရယူခဲ့ပြီး အာဏာသိမ်းမှု၌ ကြားနေ၍ စစ်ကော်မရှင်နှင့် ထိတွေ့ဆက်ဆံနေသော အဆိုပါနှစ်ဖွဲ့က သဝဏ်လွှာ ပေးပို့လာသည်။
“၀” တပ်ဖွဲ့ (UWSA)သည် အပစ်ရပ်စာချုပ် (NCA) လက်မှတ်မထိုးထားသည့် ညီနောင်မဟာမိတ်များဖြင့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) ကို ဦးဆောင်ဖွဲ့စည်းထားပြီး NDAA-မိုင်းလားလည်း အဖွဲ့ဝင်ပါဝင်ကာ တရုတ်အစိုးရနှင့် နီးစပ်လျက်ရှိကြောင်း သိရသည်။
ထို FPNCC တွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA)တို့ ပါဝင်သည်။
ယင်းအနက်မှ ကိုးကန့်တပ် MNDAA ၊ KIA ၊ TNLA ၊ AA တို့သည် ၁၀၂၇ စစ်ဆင်းရေးနှင့် ကချင်၊ ရခိုင်၊ မန္တလေး၊ ဧရာဝတီ စသည့်ဒေသများတွင် စစ်ကော်မရှင်ကို အထိနာစစ်ရှုံးစေသော ခုခံတော်လှန် တိုက်ခိုက်မှုများ ဖော်ဆောင်လျက်ရှိသဖြင့် တရုတ်အစိုးရက ဖိအားပေးနေကြောင်း သိရသည်။
လက်ရှိတွင် တရုတ်အစိုးရ၏ တစ်ဖက်သတ် ဖိအားပေး ချုပ်ကိုင်မှုကြောင့် MNDAA နှင့် TNLA သည် ၎င်းတို့သိမ်းပိုက် ရရှိထားသော အဓိက ကုန်သွယ်ရေး လမ်းကြောင်းများ၊ မြို့နယ်၊ ဒေသများကို စစ်ကော်မရှင်ထံ ပြန်လွှဲပေးခဲ့ရပြီး ထိုးစစ်ဆင်မှုများအား ရပ်တန့်ထားရကြောင်း သိရသည်။
အလားတူ စစ်ကော်မရှင်နှင့် ထိတွေ့ဆက်ဆံ ပူးပေါင်းနေသည့် လက်အောက်ခံ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) အပါအဝင် လူမှုရေးအသင်း အမည်ခံအဖွဲ့များ၊ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်သော နိုင်ငံရေးပါတီတချို့တို့ကလည်း သဝဏ်လွှာများ ပေးပို့ကြသည်။
သို့သော် အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးနေသည့် ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်ထားသော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် အပစ်ရပ်အဖွဲ့များကမူ လက်ရှိအချိန်ထိ ယင်းအပေါ် မည်သည့်သဘောထားမျှ မထုတ်ပြန်သေးပေ။
အဆိုပါ အပစ်ရပ်အဖွဲ့များသည် 7 EAO Alliance ဟု ပြန်လည်ဖွဲ့စည်းထားပြီး ယင်းတွင် RCSS ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)တို့ ပါဝင်ကြောင်း သိရသည်။
ဓာတ်ပုံ- “ဝ” တပ်ဖွဲ့