ဧရာဝတီတိုင်းမ်
(ဖာပွန်)၊ ဧပြီ ၄ ရက်
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ-၅ ဒေသ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့် မတ်လတစ်လတာအတွင်း စစ်ကော်မရှင်တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား ၁၀၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မတ်လအတွင်း စစ်ကော်မရှင်တပ်ဖွဲ့များနှင့် တိုက်ပွဲပေါင်း ၁၀၆ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်သား ၁၀၆ ဦးသေဆုံးကာ ၉၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများတွင် တပ်ရင်းမှူးတစ်ဦး၊ ဒု-တပ်ရင်းမှူးနှစ်ဦး နှင့် တပ်ခွဲမှူး သုံး ဦးပါဝင်ကြောင်းလည်းသိရသည်။
ထို့ပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက် ၂၁ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

“နွေရာသီကာလမှာစစ်အာဏာရှင်ဖက်ကနေ ရှေ့တန်းမှာရှိတဲ့တပ်စခန်းတွေအတွက် ရိက္ခာတွေပို့ဖို့ လုပ်ဆောင်လာတဲ့အပေါ်မှာလည်းပဲ တိုက်ပွဲကဖြစ်နေတုန်းပေါ့နော်။ စစ်အာဏာရှင်ဘက်ကလည်းပဲ ဆက်လက်ပြီးနေ့တိုင်းလေယာဉ်ပျံနဲ့ပစ်သွားတာရှိတယ်။ သူတို့မြေပြင်အနေနဲ့ကလည်း တပ်အင်အားကသိပ်ပြီးတော့ ထိရောက်မှု မရှိတဲ့အခါကျ လေကြောင်းကနေပစ်ကူပေးတာ နေ့တိုင်းလိုလိုရှိနေပါတယ်” ဟု တပ်မဟာ-၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လ တတိယအပါတ်ကလည်း ဖာပွန်ခရိုင်မြောက်ဘက်ရှိ ကော်သွေးကျိုးတပ်စခန်းအပါအဝင် စစ်ကော်မရှင်တပ်စခန်း နှစ်ခုကို စခန်းသိမ်းပိုက် ရရှိခဲ့ပြီး တပ်သား၂၀ ဦးထက်မနည်းသေဆုံးကာလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။
မြေပြင်ထိုးစစ်တွင် ဆုံးရှုံးမှုများကြုံတွေ့နေရသည့်စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများကို အဓိကလုပ်ဆောင်ခဲ့ပြီး မတ်လအတွင်း ဗုံး ၁၉ လုံးထိကြဲချတိုက်ခိုက်ခဲ့ပြီး Y-12 လေယာဉ်ဖြင့်လည်း ဗုံးသီး အလုံး ၃၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ရှစ်ဦးအထိဒဏ်ရာရရှိခဲ့ပြီး အရပ်သားနေအိမ် ခြောက်လုံး၊ ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း နှစ် ကျောင်း တို့ပျက်စီးခဲ့ရကြောင်း KNU ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်