နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်

မြန်မာ့နိုင်ငံရေးအဘိဓာန်တွင် “အရပ်သားအစိုးရ” ဆိုသည့် စကားလုံးသည် ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း၌ ယခင်နှင့်မတူဘဲ ထူးခြားဆန်းပြားသော အနက်အဓိပ္ပာယ်များ သက်ရောက် လာခဲ့သည်။

အထူးသဖြင့် အာဏာသိမ်း စစ်ကော်မရှင်ဥက္ကဋ္ဌ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော အမည်ခံအစိုးရအဖွဲ့သည် မိမိကိုယ်ကို “အရပ်သားအစိုးရ” ပုံစံကဲ့သို့ ဟန်ဆောင်ပြင်ဆင်လာသည်ကို တွေ့မြင်ရသည်။ ယင်းအခင်းအကျင်းကို အရပ်ဝတ်ပြောင်း ဦးသိန်းစိန် အာဏာရယူခဲ့သည့် ၂၀၁၀ ပြည့်နှစ်ကာလနှင့် ပုံစံတူဟု ဆိုကြသော်လည်း ရွေးတုလွှတ်တော်၏ အခန်းကဏ္ဍ၊ မျိုးဆက်နှင့် လူယုံတော်ကိုင်ကစားမှုတို့မှာမူ သိသိသာသာ ကွဲလွဲနေခဲ့သည်။

◼️အရပ်ဝတ်လဲသော်လည်း အရပ်သားမဟုတ်

စစ်ခေါင်းဆောင်သည် ၂၀၁၁ ခုနှစ်မှစ၍ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် တပ်ချုပ်ဖြစ်လာပြီး အသက် ၆၀ ပြည့်ရန် နီးကပ်လာချိန် ၂၀၁၄ ခုနှစ်၌ လက်အောက်ခံ ကာကွယ်ရေးဌာန (ကကန) က ၎င်းအား သက်တမ်း ၅ နှစ် တိုးမြှင့်ပေးခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီး ဇူလိုင်လတွင် အသက် ၆၅ နှစ် ပြည့်ခဲ့သော်လည်း ယင်းအသက်ကန့်သတ်ချက်အား ပယ်ဖျက်ကာ တပ်ချုပ်တာဝန်ကို ၁၅ နှစ်တိုင် ရယူခဲ့သည်။

၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၁၉) ကျောင်းဆင်း စစ်ခေါင်းဆောင်သည် ၎င်း၏အတွေ့အကြုံများကို အသုံးချပြီး လက်ရှိရာထူးထက် ပိုမိုမြင့်မားသော နေရာကို ရယူလိုကြောင်း ပြောဆိုလေ့ရှိသည်။

ယခုအခါတွင်လည်း တပ်ချုပ်ရာထူးကို စွန့်လွှတ်၍ ဒုသမ္မတမှတစ်ဆင့် သမ္မတရာထူးကို ရယူလာ ခြင်းဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်သည် သမ္မတဖြစ်ရန်ဖြစ်ပြီး ယင်းအချက်သည် အာဏာသိမ်းမှု၏ အဓိကအကြောင်းရင်းဖြစ်ခဲ့သည်။

◼️ရွေးတုလွှတ်တော်နှင့် အိမ်ဖြည့်ရုပ်ပြများ

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ပုံဖော်လာသည့် ၂၀၂၅-၂၀၂၆ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော လွှတ်တော် (ရွေးတုလွှတ်တော်) သည် စစ်ကော်မရှင်လက်ဝေခံ ကြံ့ခိုင်ရေးပါတီ အတွက်ပင် လုပ်ပိုင်ခွင့်များ ကန့်သတ်ထားသည့် အသုံးချခံအဆင့်သာ ဖြစ်နေသည်။

ကြံ့ခိုင်ရေးပါတီသည် ပြည်ထောင်စုလွှတ်တော် (နှစ်ရပ်ပေါင်း) အတွက် ယှဉ် ပြိုင်ခဲ့သည့် အမတ်နေရာ ၄၂၀ အနက် ၃၃၉ နေရာဖြင့် မဲအများဆုံးအနိုင်ရသော်လည်း အမည်ခံအစိုးရဖွဲ့ခွင့်မရဘဲ လွှတ်တော်ဥက္ကဋ္ဌနှင့် အိမ်ဖြည့်ရုပ်ပြ ဒုသမ္မတ (၂) ရာထူးလောက်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

◼️အိမ်ဖြည့်ရုပ်ပြ ဒုသမ္မတ (၂)

စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အပြင် ပြည်သူ့ရွေးကောက်ခံ မဟုတ်သော တပ်ကိုယ်စားလှယ်တို့မှ တစ်ဦးချင်းစီဖြင့် စုစုပေါင်း ဒုသမ္မတသုံးဦး ရွေးချယ်ရသည်။

ယင်းဒုသမ္မတ သုံးဦးအနက်မှ သမ္မတ၊ ဒုသမ္မတ (၁) နှင့် (၂) တို့ကို ရွေးချယ်ရပြီး ကြံ့ခိုင်ရေးပါတီ အမြင့်ဆုံး ရရှိထားသော ဒုသမ္မတ (၂)မှာ လွှတ်တော်သမိုင်း အစဉ်အလာအရ လုပ်ပိုင်ခွင့်များ နည်းပါးသည်ကို တွေ့ရသည်။

စစ်ခေါင်းဆောင်သည် နိုင်ငံတကာ၌ ပြယုတ်ကောင်းရန်နှင့် တော်လှန်ရေးအားကောင်းသော ကရင် ဒေသကို ကြားဝင်ညှိနှိုင်းစေရန် သမိုင်းတစ်လျှောက် ပထမဆုံး အမျိုးသမီးဒုသမ္မတအဖြစ် ကရင်လူမျိုး ဒေါ်နန်းနီနီအေးကို ရုပ်ပြတင်မြှောက်ခဲ့သည်။ ဒေါ်နန်းနီနီအေးသည် ယခင်ရွေးကောက်ပွဲများတွင် အနိုင်ရဖူးသလို စစ်ခေါင်းဆောင်အပေါ် ကြည်ညိုလေးစားသူလည်း ဖြစ်သည်။

◼️စီမံထားသည့်အတိုင်း “သမ္မတ” ဖြစ်လာခြင်း

ပြည်ထောင်စုလွှတ်တော်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဧပြီ ၃ ရက်တွင် သမ္မတအဖြစ် တင်မြှောက်ခဲ့သည်။

“သမ္မတ” ဖြစ်ချင်လွန်းသော မင်းအောင်လှိုင်သည် ၁၅ နှစ်တိုင် ရယူထားသော တပ်ချုပ်နေရာကိုမူ ၎င်း၏ လူယုံတော် ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ လွှဲပြောင်းပေးခဲ့၍ စစ်တပ်ယန္တရားတစ်ခုလုံးကိုမူ ဆက်လက်ချုပ်ကိုင်ထားဆဲ ဖြစ်သည်။ ထို့အပြင် စစ်ဖိနပ်စီး၍ အရပ်ဝတ်ပြောင်းရာတွင်လည်း ၎င်းနှင့်အတူ လူယုံတော် ဗိုလ်ချုပ်ကြီးဟောင်း ညိုစောကို ဒုသမ္မတ (၁) အဖြစ် ခန့်အပ်ကာ စစ်တပ်မျိုးဆက်ကို ကိုင်ကစား၍ ရွေးတုလွှတ်တော်ကို ထိန်းချုပ်ရန် စီမံထားသည်။

◼️မပြောင်းလဲသော အာဏာယန္တရားနှင့်ကမ္ဘာ့အသိအမှတ်မပြုမှု

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမ္မတရာထူးရယူမှုကို ၎င်းတို့နှင့် နီးစပ်သည့် အာဏာရှင် နိုင်ငံများဖြစ်သော တရုတ်၊ ရုရှားနှင့် ဘယ်လာရုစ်တို့ကသာ ထောက်ခံခဲ့ပြီး ကမ္ဘာကမူ ကျင်ဖယ် ထားသည်။ ကုလသမဂ္ဂ၊ အာဆီယံနှင့် အနောက်နိုင်ငံများက ယင်းအတုအယောင်ရွေးကောက်ပွဲ ရလဒ် ကို တရားဝင်မှုမရှိဟု သတ်မှတ်ကာ အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။

တစ်ဖက်တွင်လည်း နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) အပါအဝင် အာဂျင်တီးနား၊ ဂျာမနီ၊ အရှေ့တီမော၊ ဖိလစ်ပိုင်နှင့် တူရကီနိုင်ငံများ၌ စစ်ခေါင်းဆောင်တို့ တရားစွဲဆိုခံထားရပြီး အင်ဒိုနီးရှားတွင်လည်း ထပ်မံတရားစွဲဆိုရန် လုပ်ဆောင်လျက်ရှိသည်။

ထို့အတူ လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (EROs) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တော်လှန်ရေးအင်အားစုများ ကလည်း အမည်ခံအစိုးရကို လုံးဝလက်သင့်ခံခြင်းမရှိဘဲ စစ်ရေးကိုတိုးမြှင့် တိုက်ခိုက်လျက်ရှိသည်။

အာဏာသိမ်း ၅ နှစ်ကျော်အကြာတွင် ဖြစ်တည်လာသည့် အမည်ခံအစိုးရသည် တိုင်းပြည်အတွက် ဆိုးကျိုးသာ ယူဆောင်လာမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ဆင်းရဲငတ်မွတ်၍ ထွက်ပေါက်မဲ့သည့် အဖြစ်အပျက်များကိုသာ ဆက်လက်ကြုံတွေ့ရဖွယ် ရှိနေပေသည်။

စစ်ဖိနပ်စီး၍ “အရပ်သား” အသွင်ဟန်ဆောင်မှုသည် နိုင်ငံတကာကို လိမ်လည်လှည့်ဖြားရန် ဖြစ်ပြီး လက်နက်အားကိုး၍ လူသတ်၊ မီးရှို့၊ ဖိနှိပ်မှုများကို ဆက်လက်ကျူးလွန်နေဦးမည်ဖြစ်သည်။

သမိုင်းတစ်လျှောက်တွင်လည်း မည်သည့်အာဏာရှင်မှ ဝတ်စုံလဲရုံမျှဖြင့် ပြည်သူ့မေတ္တာကို မရရှိသလို စစ်ဖိနပ်သံ တညံညံနှင့် အုပ်ချုပ်မည့် အရပ်သားအစိုးရ၏ ပုံဖော်မှုများသည်လည်း ကမ္ဘာ့လှောင်ပြောင်စရာ ပြဇာတ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။