ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် စစ်ခေါင်းဆောင်အဖြစ် တာဝန်ယူစဉ်က ကျူးလွန်ခဲ့သည့် နိုင်ငံတကာဥပဒေချိုးဖောက်မှုများအတွက် တရားစွဲဆိုခံရမှုမှ အကာအကွယ်ရမည်ဟုယူဆလျှင်မှားလိမ့်မည်ဖြစ်ကြောင်း AI ၏ မြန်မာနိုင်ငံဆိုင်ရာ သုတေသနအရာရှိ ဂျိုးဖရီးမန်းက ဆိုသည်။
ယမန်နေ့က စစ်တပ်ကျောထောက်ခံမှုလွှတ်တော်ကိုယ်စားလှယ်များက ယခင်ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ သမ္မတသစ်အဖြစ် မဲပေးရွေးချယ်လိုက်သည့်ဖြစ်စဉ်အပေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International – AI) က ပြင်းထန်စွာ ဝေဖန်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
မင်းအောင်လှိုင်အနေဖြင့် စစ်ဝတ်စုံမှ အရပ်ဝတ်သို့ လဲလှယ်လိုက်သော်လည်း ၎င်းကျူးလွန်ခဲ့သည့် ပြင်းထန်သော ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုမှာမူ ပြောင်းလဲသွားမည်မဟုတ်ကြောင်း AI ၏ မြန်မာနိုင်ငံဆိုင်ရာ သုတေသနအရာရှိ ဂျိုးဖရီးမန်းက ပြောကြားသည်။
“အရပ်ဘက်သမ္မတရာထူးရယူလိုက်ခြင်းအားဖြင့် မင်းအောင်လှိုင် စစ်တပ်အကြီးအကဲအဖြစ် တာဝန်ယူစဉ်က ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေအတွက် တရားစွဲဆိုခံရမှာကို အကာအကွယ်ပေးနိုင်လိမ့်မယ်လို့ သူယူဆနေရင် ဒါဟာ နိုင်ငံတကာတရားစီရင်ရေး ယန္တရား အလုပ်လုပ်ပုံကို နားမလည်တာပဲ ဖြစ်ပါလိမ့်မယ်။ သူဟာ စစ်ယူနီဖောင်းကို ချွတ်ပြီး အရပ်ဝတ်လဲလိုက်ပေမယ့် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာဥပဒေအရ ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် သူ့မှာရှိတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကတော့ ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အာဏာသိမ်းပြီးသော ၂၀၂၁ ခုနှစ်နောက်ပိုင်း နှင့်မတိုင်ခင်ကာလများအတွင်း စစ်တပ်၏ အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် မြန်မာပြည်သူများအတွက်မူ ယခုကဲ့သို့ဖိနှိပ်သူကိုတရားစွဲဆိုမည့်အစား ရာထူးတိုးမြှင့်ပေးလိုက်ခြင်းသည် နာကျင်စရာကောင်းကြောင်း AI ထုတ်ပြန်ချက်တွင်ပါဝင်သည်။
“၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းရော အဲဒီမတိုင်ခင်ကပါ မင်းအောင်လှိုင်ရဲ့ အထိန်းအကွပ်မဲ့ အကြမ်းဖက်စစ်တပ်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက်တော့ သူတို့အပေါ် ဖိနှိပ်ခဲ့သူကို တရားစွဲဆိုမယ့်အစား အခုလို အဆင့်မြင့်ရာဇပလ္လင်ပေါ် တင်ပေးလိုက်တာဟာ အလွန်တရာ စိတ်နာကျင်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလုပ်ရပ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေတာကို ပိုပြီးခိုင်မာသွားစေမှာကိုလည်း ပြည်သူတွေက စိုးရိမ်နေကြမှာပါ ” ဟု AI ၏ မြန်မာနိုင်ငံဆိုင်ရာ သုတေသနအရာရှိ ဂျိုးဖရီးမန်းက ထပ်မံပြောကြားသည်။
လက်ရှိတွင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ တောင်းဆိုထားပြီးဖြစ်ရာ အကယ်၍ ဖမ်းဝရမ်းအတည်ပြုဖြစ်ပါက ICC အဖွဲ့ဝင်နိုင်ငံများသည် မင်းအောင်လှိုင် ၎င်းတို့နယ်မြေအတွင်း ရောက်ရှိလာပါက ဖမ်းဆီးရန် တာဝန်ရှိကြောင်း AI ထုတ်ပြန်ချက်တွင်ပါဝင်သည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယခုနိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြကာ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများကို လျစ်လျူမရှုသင့်ဘဲ မင်းအောင်လှိုင် မြန်မာနိုင်ငံပြင်ပသို့ ထွက်လာပါက ချက်ချင်းဖမ်းဆီးနိုင်ရန် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။
ဓာတ်ပုံ – MOI